စောသန္တာဖြူသည် ဖျားနာ၍ စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေသည်မှာ ၁၁ ရက်ရှိပြီဖြစ်ပြီး ၈ ရက်လုံးလုံး သတိမေ့နေခဲ့ကြောင်း၊ ဆရာဝန်စစ်ဆေးချက်အရ ဂျပန်ဦးနှောက်အမှေးပါးရောင် ရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
စောသန္တာဖြူသည် ထိုင်းနိုင်ငံနယ်စပ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၌ စစ်သမီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သင်တန်း၌ သေနတ်ပစ်ရာတွင် တတိယ ရရှိကြောင်း၊ ထိုင်းနိုင်ငံနယ်စပ် မယ်တော်ဆေးခန်းမှ ပို့ချသော သူနာပြုသင်တန်းတွင်လည်း နံပါတ် ၁ မှ ၁၀ အတွင်း ၀င်သည့် ထူးချွန်သူ တစ်ဦးဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံနယ်စပ်တွင် အမျိုးသားရေးတာဝန်များကို ရ နှစ်ခန့် ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် တက်ကြွလှုပ်ရှားသူအဖြစ် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသည်မှာ ၃ နှစ်ခန့်ရှိဖြစ်ကြောင်း၊ ရခိုင်အမျိုးသမီးကွန်ယက်တွင် တာဝန်ယူလုပ်ဆောင်နေကြောင်း၊ ဒုက္ခသည်များအား ကယ်ဆယ်ရေးပေးရာတွင် အားတက်သရော ပါ၀င်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ဆေးရုံတွင် ဆေးကုသမှုမခံယူမည် မောင်တောသို့ ခရီးသွားရောက်ပြီး ပြန်လာရာ အဖျားမိ၍ ဆေးရုံတက်ရခြင်းဖြစ်ကြောင်း သိရသည်။
“စောသန္တာဖြူ ကွယ်လွန်ခြင်းအပေါ် ကျွန်တော်တို့ ယူကျံုးမရ ဖြစ်ရပါတယ်။ လူဆိုတာကတော့ သေမျိုးပဲ၊ ဒါပေမယ့် မသေသင့်ပဲ အချိန်မတိုင်မီသေဆုံးခဲ့ရတယ်။ သူ့မမှာ ကိုယ်ဝန် ရ နှစ်လ ရှိနေပေမယ့် ရခိုင်ပြည်အကျိုး၊ ရခိုင်အမျိုးသားအကျိုးအတွက် ခရီးတွေ ပင်ပင်ပန်းပန်း တောက်လျှောက်သွားတယ်။ ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များဖိုရမ်မှာလည်းပဲ စစ်တွေမြို့နယ် ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်” ဟု ၀ံလက်ဖောင်ဒေရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်ကောင်းစံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယင်းအပြင် စောသန္တာဖြူသည် ငြိမ်ချမ်းရေးလုပ်ငန်းဆောင်ရွက်မှု ကော်မတီ၌ စည်းရုံးရေး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးသို့ သွားရာတွင် ပင်ပန်းဆင်းရဲခံ၍ အမျိုးသားအကျိုးအတွက် ပါ၀င်ခဲ့ကြောင်း၊ လုပ်ငန်းပြီးမြောက်အောင်ထိ လုပ်ဆောင်ခဲ့ကြောင်း၊ အချိန်မတန်မီ ကြွေလွင့်သွားသည့် ကြယ်ငယ်တစ်ပွင့် ဖြစ်သည့်အတွက် စောသန္တာဖြူကွယ်လွန်ခြင်းအပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ယူကြံုးမရဖြစ်ရသည်ဟု ခိုင်ကောင်းစံကပြောသည်။
စောသန္တာဖြူကို အဖဦးအောင်သိန်းနှင့် အမိဒေါ်ညိုအေးတို့မှ ၁၉၇၆ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မွေးဖွားခဲ့ပြီး အကြီးဆုံးသမီးဖြစ်သည်ဟု သိရှိရသည်။စောသန္တာဖြူကို ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီတွင် စစ်တွေမြို့ အာကျိတ်တော်ကုန်းသချင်္ိုင်း၌ မီးသဂြိုဟ်မည်ဟု သိရသည်။







