မွန်ပြည်နယ်ရှိ ဒေါင်ဒင်အင်း စုပေါင်းငါးဖမ်းပွဲတော် ကျင်းပမည်

မွန်ပြည်နယ်ရှိ ဒေါင်ဒင်အင်း စုပေါင်းငါးဖမ်းပွဲတော် ကျင်းပမည်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့စပ်ရွာအနီး ဒေါင်ဒင်အင်း၏ နှစ်စဉ်စုပေါင်းငါးဖမ်းပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက် ၊ နံနက် ၈ နာရီအချိန်တွင် ကျင်းပသွားမည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

၎င်းအင်းကို ကော့စပ်၊ ငပုအင်း၊ ကျုံကွယ်ရွာများမှ နှစ်စဉ်အလှည့်ကျတာဝန်ယူကာ ငါးဖမ်းပွဲတော်ကို ကျင်းပကြပြီး ရန်ကုန်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ ငါးဖမ်းဝါသနာရှင်များနှင့် လာရောက်လေ့လာသူ နှစ်စဉ်လူ ထောင်ချီရှိသည်ဟု ကော့စပ်ရွာ အုပ်ချုပ်ရေးမှူး စောမြင့်ဝေက ကေအိုင်စီသို့ ပြောသည်။

“ဒီနှစ်က ကျနော်တို့ ရွာအလှည့် တာဝန်ကျတာပေါ့နော်။ လူမျိုးဘာသာမရွေး လာဖမ်း လို့ရပါတယ်။ ၁၆ ရက်နေ့ မနက် ၈ နာရီမှာ အင်းကို ဖမ်းခွင့်ပေးသွားမှာပါ။ တစ်ရွာနဲ့တစ်ရွာ ခင်မင်ရင်းနှီးမှုတွေရအောင်ပါ။ ဘိုးဘွားအစဉ်အဆက်က တစ်နှစ်မှတစ်ခါ စုပေါင်းကျင်းပလာခဲ့တဲ့ဟာကို ပြန်လည်ထိန်းသိမ်းကြတာပါ” ဟု အုပ်ချုပ်ရေးမှူး စောမြင့်ဝေက ပြောသည်။

ငါးဖမ်းကွန်၊ ယက်သက်၊ ရေကွင်း အကြီးအသေးပေါ်မူတည်ပြီး ရံပုံငွေကောက်ခံသွားမည်ဖြစ်ကာ ကျေးရွာအတွက် ဖွံ့ဖြိုးရေးလိုအပ်ချက်များအပေါ် ပြန်လည်သုံးစွဲသွားမည်ဟု ငါးဖမ်းပွဲတော် ကျင်းပရေးတာဝန်ရှိသူများက ပြောသည်။

“ ကျနော်တို့က အဖွဲ့နဲ့ နှစ်တိုင်းငါးသွားဖမ်းတယ်။ ရတဲ့ငါးတွေ အင်းနားမှာပဲ ဝိုင်းဖွဲ့ချက်ပြုတ် စားတာပေါ့နော်။ လူတွေများတော့ မနက်စောစောသွားမှ အဆင်ပြေမယ်။ ဒီနှစ်တော့ လှေပေါ်မှာပဲ ကွန်ပစ်ဖို့ အခုအဖွဲ့တွေ စီစဉ်နေကြပါပြီ”ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ စောဖိုးတာပိုက ပြောသည်။

နှစ်စဉ် ဇန်နဝါရီလအတွင်း ဒေါင်ဒင်အင်း ရေနည်းချိန်တွင် ငါးဖမ်းပွဲတော်ကို ကျင်းပလေ့ရှိကြပြီး လာမည့်နှစ် တွင် ငပုအင်းရွာမှ အလှည့်ကျ ငါးဖမ်းပွဲတော်ကို တာဝန်ယူကျင်းပသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...