ပူတာအို မြို့နယ် အထက်ဘက်အစွန်ဆုံးရွာ မလိရိန်ကျေးရွာသွားသည့် လမ်းရှိသည့် နမ်ရှယ်ချောင်းကူးရန် တံတား လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ချောင်းတွင် တံတားဆောက်လုပ်ပေးရန် NLD အစိုးရလက်ထက်တွင် ၂ ကြိမ်၊ ယခင်အစိုးရလက်ထက်တွင်လည်း အကြိမ်ကြိမ် တင်ပြခဲ့ဖူးကြောင်း ကျေးရွာ တာဝန်ခံ ဦးမဂေါနော်ကပြောသည်။
ယင်းလမ်းသည် မဒွယ်ရေခဲတောင်သွားသည့်လမ်းလည်းဖြစ်သလို ဒေသခံများမှ ဆေးမြစ်ဆေးဝါးရှာဖွေရာတွင်လည်း ဤလမ်းကို အသုံးပြုကာ လုပ်ကိုင်ရှာဖွေရကြောင်း ၎င်းကပြောသည်။
"ခရီးသွားပြည်သူအတွက်ရော ဒေသခံများအားလုံးအတွက်အဆင်ပြေပြေသွားနိုင်အောင် နိုင်ငံတော်အစိုးရကလုပ်ပေးစေချင်တယ် ။ အရမ်းကိုလိုအပ်နေတာပါ '' ဟု ရွာတာဝန်ခံ ဦးမဂေါင်နော်က ပြောသည်။
၂၀၁၈ ခုနှစ်က ဝမ်ခိုင်ကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး အဆိုပါချောင်းကူးနေစဉ်ရေထဲမျောပါကာ သေဆုံးခဲ့ဖူးကြောင်း သိရသည်။







