ဖာပွန်မြို့နယ်ရှိ ကန်ညီနောင်ကျေးရွာသားတစ်ဦးမှာ ဇန်နဝါရီ ၁၃ ရက် နံနက်က ရာဘာစေးခြစ်ရန် သွားရာမှ မိုင်းထိမှန်ကာ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိပြီး ဖားအံဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း ကေအိုင်စီက သတင်းရရှိသည်။
မြိုင်ကြီးငူဆေးရုံဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက “ဒီမနက် သုံးနာရီခွဲ ရာဘာခြစ်အသွား မိုင်းထိတာ။ သွားတာ အဖော် တစ်ဦး ပါတယ်။ ထိတာတော့ တစ်ယောက်တည်းပဲ။ ဖြစ်ဖြစ်ချင်းတော့ မြိုင်ကြီးငူဆေးရုံကို အရင်ရောက်တယ်။ အခု က ဖားအံဆေးရုံရောက်နေပါပြီ”ဟု ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
မိုင်းထိမှန်သူမှာ အသက် ၄၆နှစ်အရွယ် ကန်ညီနောင်ရွာသား ဦးမောင်အုန်းတင်ဖြစ်ပြီး ၎င်းရွာ၏အထက်ရှိ ထီးဖာဒို့ ခီးတွင် မိုင်းနင်းမိသောကြောင့် ဘယ်ဘက်ခြေဖျားပြတ်ကာ ညို့သကျည်း ကြေသွားကြောင်း အဆိုပါနီးစပ်သူက ပြောဆိုသည်။
ယခုဖြစ်စဉ်သည် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကရင်ပြည်နယ်၌ ပထမဦးဆုံး မိုင်းထိမှန်မှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။







