တပ်မဲစာရင်းမပါသေးသော်လည်း ၂၀၂၀ ရွေးကောက်ပွဲ မွန်ပြည်နယ်မဲပေးခွင့်ရှိသူ ၁၇ သိန်းကျော်ရှိ

တပ်မဲစာရင်းမပါသေးသော်လည်း ၂၀၂၀ ရွေးကောက်ပွဲ မွန်ပြည်နယ်မဲပေးခွင့်ရှိသူ ၁၇ သိန်းကျော်ရှိ

မင်းအတွဒ် (မော်လမြိုင်) — စစ်တပ်မဲစာရင်းမပါဝင်သေးသော်လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်း   ၅ သောင်းကျော်စာရင်းပြုစုရရှိထားပြီဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“နောက်ဆုံး အခြေအနေကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြလိုက်တာက ၂၀၂၀ ဇန်နဝါရီလမှာ လက်ရှိ မွန်ပြည်နယ် တစ်ခုလုံးမှာ မဲဆန္ဒရှင် ၁၇ သိန်း ၅ သောင်း  ၃ ထောင်ကျော်ရှိတယ်ပေါ့၊ လက်ရှိမှာ တပ်မဲစာရင်းမပြုစုနဲ့အုံး သူတို့ညွှန်ကြားမှ ပြုစုပါဆိုပြီးတော့ ညွှန်ကြားထားတာရှိပါတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားမှုအရ တပ်မတော်နှင့် အတူနေ မိသားစုဝင်များစာရင်း ကောက်ခံခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

 “အခု Update လုပ်နေတာက မဲစာရင်းပြည့်စုံမှန်ကန်အောင်ပေါ့နော် မဲစာရင်းက မှန်ကန်ရုံနဲ့ မရသေးဘူး၊ ပြည့်စုံမှန်ကန်ဖို့အတွက်လည်း သက်ဆိုင်တဲ့ မြို့နယ် အလိုက်က ရပ်ကျေးနဲ့ ပူးပေါင်းပြီး လုပ်နေတယ်ပေါ့၊ ဒီထက် မှန်ကန်အောင်ဆိုရင်တော့ ဥပဒေ နည်းဥပဒေမှာလည်း ပါပါတယ် မဲစာရင်းကပ်ထားကြေငြာတဲ့ အချိန်မှာ ပြည်သူတွေမဲစာရင်း လာကြည့်လေ မှန်ကန်တဲ့ ရာခိုင်နှုန်း များလေလေပါပဲ ” ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံ၊ တပ်တွင်းမဲရုံ ၄၉ ရုံရှိပြီး မဲပေးပိုင်းခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင်  မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်းကျော်သာရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ တပ်ပြင်ပမဲရုံများအား တပ်ဂိတ်ပေါက်အနီးတွင်သာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးမြင့်နိုင်က သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။

“တပ်မဲရုံက တပ်ပြင်ပမှာပဲ ရှိမယ်။ အဝေးကြီးမှာ မဟုတ်ဘူး။ တပ်ရဲ့ဂိတ်ပေါက်မှာပဲ လုပ်မှာပါ။ မဲရုံတိုင်းမဲရုံတိုင်းက ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊  စောင့်ကြည့်လေ့လာတဲ့သူတွေက မဲရုံတိုင်းမဲရုံတိုင်းကို ဝင်ခွင့်ရှိရမယ်ဆိုတော့ ကျွန်တော်တို့ရဲ့ စံငါးချက်နဲ့ မျှတရမယ်။ တူညီရမယ်ဆိုတော့ အဲဒီမှာ ဝင်ကြည့်နိုင်အောင်လို့။ ဒါပဲကွာခြားတာပါ။ အဲဒီလိုလုပ်တဲ့အခါမှာလည်း တပ်မှူးတွေနဲ့ ညှိပြီးတော့ ဒီမဲရုံတွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆောင်ရွက်မှာပါ၊ အဲဒီမှာတော့ တပ်မတော်နဲ့ အတူနေမိသားစုတွေပဲ ရှိမှာပေါ့” ဟု ဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကောက်ခံရရှိထားသောစာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနိုင်သည့် အခြေခံလူဦးရေ ၃၇ သန်းကျော်ရှိပြီး တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ မဲစာရင်း မပါဝင်သေးပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁ ရက်မှစတင်၍ ပါတီမှတ်ပုံတင်ခွင့် လျှောက်လွှာကန့်သတ်ပိတ်ပင်ခဲ့ပြီး လက်ရှိတွင် မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီ ၉၅ ပါတီ၊ ယာယီရပ်ဆိုင်းထားသည့် ၃ ပါတီ၊ ပါတီတည်ထောင်ခွင့် စိစစ်ဆဲ ၃ ပါတီနှင့် မှတ်ပုံတင်ခွင့် စိစစ်ဆဲ ၅ ပါတီရှိကြောင်း သတင်းရရှိသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...