မြောက်ဦးမြို့ရှိ အနန္ဒစန္ဒြရကျောက်စာကို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနစ် စာရင်းဝင်ရန် ကြိုးပမ်းမည်

မြောက်ဦးမြို့ရှိ အနန္ဒစန္ဒြရကျောက်စာကို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနစ် စာရင်းဝင်ရန် ကြိုးပမ်းမည်
by -
နိရဥ္စရာ
ယခုလ ၂၅ ရက်နေ့က ဆွေးနွေးနေကြစဉ်/ဓာတ်ပုံ- ဒေါ်ခင်သန်း
ယခုလ ၂၅ ရက်နေ့က ဆွေးနွေးနေကြစဉ်/ဓာတ်ပုံ- ဒေါ်ခင်သန်း
ရခိုင် ဝေသာလီခေတ်က အနန္ဒစန္ဒြရမင်ရေးထိုးထားခဲ့သော အနန္ဒစန္ဒြရကျောက်စာကို UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မီတီက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်မှ နေ့လယ်ပိုင်း အထိ ပြုလုပ်ခဲ့သော ညှိနှို်င်းအစည်းအဝေးက ယင်းသို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

“ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မတီရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို လုပ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကိုယ်တိုင် တက်ရောက်ပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ UNESCO က တာဝန်ရှိသူဖြစ်တဲ့ ဒေါ်ဥမ္မာမျိုးတို့အဖွဲ့ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ ရှိပါတယ်။ သူတို့ လာရောက်ပြီး ဆွေးနွေးတဲ့အခါမှာ ဘယ်ဟာကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းဖို့ တင်သွင်းကြမလဲ ဆိုတာကို ဆွေးနွေးတဲ့အခါမှာ အနန္ဒစန္ဒြကျောက်စာကို တင်ပြကြမယ်လို့တော့ သဘောတူညီထားကြပါတယ်။ အရှေ့တောင်အာရှမှာ အစောဆုံးကျောက်စာကို ပြပါဆိုရင် အနန္ဒစန္ဒြမင်းကျောက်စာဟာ အစောဆုံးပဲလေ”ဟု ရခိုင်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မတီ၏ အဖွဲ့ဝင် ဒေါ်ခင်သန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခင်က မြောက်ဦးမြို့တော်ကို အရှေ့တောင်အာရှ၏ ခံတပ်မြို့အဖြစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အောင် ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း မြို့တော်၏ ကျံုးများ၊ မြောင်းများကို ပြန်လည် တူးဖေါ်မှု လုပ်ရမည်ဖြစ်ပြီး လုပ်ရမည့် လုပ်ကွက် ကျယ်ပြန့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြစေတီ ကျောက်စာတစ်ခုတည်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ၀င်သလိုမျိုး အနန္ဒစန္ဒြကျောက်စာကို တင်သွင်းရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် ယခင်က ရခိုင်ရှေးဟောင်း အဆောက်အဦများကို ကမ္ဘာ့အမွေအနှစ်ဖြစ် စာရင်းသွင်းရန် သျှစ်သောင်းနှင့် ကိုးသောင်းကို စာရင်းသွင်းရန် စဉ်းစားရာ၌လည်း နှစ်ခုလုံး ဖျက်ဆီးခြင်းကို ခံထားရပြီဖြစ်ကြောင်း၊ ထုက္ကံသိမ်၏ ဗိသုကာ လက်ရာနှင့် အရေးပါပုံကို ထုက္ကံအကြောင်းများကို ယခင် အစည်းအဝေးများ၌ ရှင်းပြသည့်အခါ နိုင်ငံခြားသား ပညာရှင်က သဘောကျကြောင်း၊ ယခင်က တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒေါ်စန္ဒာခင်မရှိသည့်နောက်ပိုင်းတွင် အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးမှုများ ရပ်တန့်ခဲ့ရကြောင်း၊ ယခုအကြိမ် ဆွေးနွေးရာ၌ အနန္ဒစန္ဒြကျောက်စာကို တင်ပြက လွယ်ကူနိုင်ကြောင်း တင်ပြခဲ့သည်ဟု ဒေါ်ခင်သန်းက ပြောသည်။

ရခိုင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ပြည်နယ်ကော်မတီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ရှေးဟောင်းသုတေသနဌာမှ ညွှန်ကြားရေးမှူးများဖြစ်သည့် ဦးဖုန်းကျော်နှင့် ဦးညိန်းလွင်တို့က အတွင်းရေးမှူးများဖြစ်ကြပြီး အဖွဲ့ဝင်များမှာ ရခိုင်ပြည်နယ် စည်ပင် ညွှန်ကြားရေးမှူး၊ ပြည်နယ်သာသနာရေး ညွှန်ကြားရေးမှူး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ရခိုင်သမိုင်းသုတေသီများဖြစ်ကြသည့် ဦးမောင်ဗသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးအောင်လှသိန်း၊ စစ်တွေ တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်းဦး၊ ဗိသုကာပညာရှင် ဦးထွန်းကျော် နှင့် ဒေါ်ခင်သန်း (ရှေးသုငြိမ်း) တို့ဖြစ်သည်။

မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန ဥက္ကဋ္ဌ စီစဉ်မှုဖြင့် အဆင့်မြင့် ခေတ်မီ 3D နည်းပညာဖြင့် မြေပုံပြုလုပ်သည့် တရုတ် သမိုင်းပညာရှင် ၆ ဦးသည် မြောက်ဦးမြို့သို့ ရောက်ရှိနေသည်ဟုလည်း သိရှိရသည်။

ပုဂံကိုလည်း UNESCO ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ရန် စီစဉ်နေပြီး သုံးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဟု ရှေး/သု က ကြေညာထားသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...