၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက် ပါဝင်

၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက် ပါဝင်

၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အကြောင်းအရာဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်အဖွဲ့အစည်းအသီးသီးတို့ဖြင့် တွေ့ဆုံခဲ့သည့်အပြင် မနောအကဖြင့်လည်း ပါဝင်ဆင်နွှဲခဲ့သည်ကို တွေ့ရပါသည်။

ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရန် လိုအပ်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့ မြစ်ကြီးနားမြို့ Plam Spring ဟိုတယ်တွင် ဘာသာရေးခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီများ၊ ရိုးရာစာပေ ယဉ်ကျေးမှုအဖွဲ့အစည်းများ နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု သိရပါသည်။

“ငြိမ်းချမ်းရေးနဲ့ ပြီးတော့ ဖယ်ဒရယ် ဒီမိုကရေစီတည်ထောင်မယ့် လမ်းစဉ်ကိုလည်း ပြောပြီး ဆွေးနွေးသွားတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ ဒီအကြောင်းအရာ ရှိတယ်လို့ ထင်တယ်။ ပြည်သူတွေ ဒီနေ့လိုချင်တာလည်း ဒါပဲဆိုတော့ အခုလို အောင်ဆန်းစုကြည်ကနေ ပြောလာတာဆိုတော့ ကျနော် ကျေနပ်ပါတယ်” ဟု ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဒုတိယ ဥက္ကဌ ဦး လဘန်ဂမ်အောင် က KNG ကချင်သတင်းဌာကို ပြောဆိုထားပါသည်။

ထို့နောက် မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးညနေပိုင်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် သီးသန့် တွေ့ဆုံခဲ့ပါသေးသည်။

“အဓိက IDP တွေ လုံခြုံစွာ နေရပ်ပြန်တဲ့အချိန်မှာ ဒီ KIA နဲ့ တပ်မတော်နဲ့ Bilateral Casefire ကအဓိက ဖြစ်ဆိုတဲ့အကြောင်း၊ အဲဒါဖြစ်ဖို့ကလည်း ဒီမြောက်ပိုင်း ၄ ဖွဲ့နဲ့ တစ်ပြိုင်တည်း ဒီပထမအဆင့်အနေနဲ့ လက်မှတ်ထိုးဖို့နေရာမှာ တပ်မတော်ဘက်က လက်ခံဖို့လိုတဲ့အကြောင်းပေါ့။ ပြီးမှပဲ နောက်တစ်ဆင့်သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ပေါ်လစီနဲ့ ကိုယ်သွားဖို့ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း၊ အဲဒါမှသာလျှင် IDP တွေ လုံခြုံစွာ နေရပ်ပြန်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ကျနော်တင်ပြခဲ့တယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန် က ပြောပါသည်။

ထို့အပြင် တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံရသော ခရစ်ယာန်အဖွဲ့အစည်းများ၏ နေရာများကိုလည်း ပြန်လည် ရရှိလိုကြောင်း KBC ဘက်က နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြထားသည့်အကြောင်း ပြောပါသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ၏ သဝဏ်လွာကို ပြည်နယ်ဝန်ကြီးချုပ်မှ ဖတ်ကြားခဲ့ပြီး အစီစဉ်လာရောက်ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်နယ်နေ့ မိန့်ခွန်း ကိုယ်တိုင် ပြောကြားခဲ့သည်။

“လွတ်လပ်ရေးနဲ့အတူ ဖွားမြင်ခဲ့ရုံမက ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအခြေခံဖြစ်တဲ့ ပင်လုံနဲ့လည်း အင်မတန်မှ ဆက်စပ်နေပါတယ်။ တချိုကဆိုလျှင် ‘ပင်လုံအစ ကချင်က’ လို့တောင် ပြောကြပါတယ်။ ဒီမြေပေါ်မှာ စပြီးတော့ သဘောတူညီချက်ယူသွားပြီးတော့ ပင်လုံစာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ယခုနှစ် ကချင်ပြည်နယ်နေ့ မနောပွဲကို ပြည်နယ်အစိုးရ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အခမ်းအနားကို ပါဝင်တက်ရောက်သူဦးရေ ယခင်နှစ်များထက် အလွန်နည်းပါးခဲ့သည်။ အကြောင်းရင်းမှာ ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ ဦးဆောင်ပြီး ပြုလုပ်ဖို့စီစဉ်ခဲ့သော်လည်း အဆိုပါဦးဆောင်မှုတွင် အမည်နာမနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှု အလွန်မြင့်မားခဲ့သဖြင့် အထိမ်းအမှတ်ပွဲတော် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ပြည်နယ်အစိုးရ ဦးစီးပြီး ‘Jinghpaw Mungdaw Nhtoi’ ဟူသော နာမည်ဖြင့် ပြုလုပ်ခဲ့ရာ ကချင်မျိုးနွယ်စုဝင်တချို့မှာ မကျေနပ်ဘဲ အဆိုပါပွဲသို့ သွားရောက်ပါဝင်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ကချင်ပြည်နယ်နေ့ကို ‘Jinghpaw Mung Nhtoi’ ဟူသော ခေါင်းစဉ်ဖြင့် ဖားကန့်တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး အလားတူ ဗန်းမော်မြို့တွင်လည်း ‘Jinghpaw Mungdaw Nhtoi’ နာမည်ဖြင့် မနောအက ကခဲ့ကြပါသည်။

နေအိမ်အချို့တွင်လည်း ကချင်အမျိုးသားအလံ လွှင့်ထူသည့် အစီအစဉ် ပြုလုပ်ခဲ့ကြပါသည်။

January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...
December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...