ကချင် မျိုးနွယ်စုဝင်များကြား အငြင်းပွားမှုရှိနေသော (၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ပါဝင်မည်ဖြစ်ပြီး ပွဲတော် နာမည်ကိုလည်း ယခင်အတိုင်း ‘Jinghpaw Mungdaw Nhtoi’ ကချင်ဘာသာဖြင့် အသုံးပြုရန် စီစဉ်နေသည်ဟု သိရပါသည်။
ကချင်ပြည်နယ်အစိုးရ တာဝန်ယူ ပြုလုပ်မည့် ယခုနှစ် ကချင်ပြည်နယ်နေ့တွင် ပွဲတော်ခေါင်းစဉ်ကို ‘ကချင်စာဖြင့် မရေးဘဲ မြန်မာစာဖြင့်သာဖော်ပြရန်’ ပွဲစီစဉ်နေမှုကြောင့် ကချင်မျိုးနွယ်စုဝင်တချို့ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက် စီတာပူ မနောကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။
ထိုသို့ ဖော်ထုတ်နေစဉ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှာ ကြားဝင်ညှိနှိုင်းပြီးနောက် ကချင်စာဖြင့်လည်း ဖော်ပြရန် သဘောတူညီမှု ရရှိခဲ့သဖြင့် ဆန္ဒပြသည့်အစီစဉ် ရပ်တန့်သွားခဲ့သည်ဟု သိရပါသည်။
“PCG အနေနဲ့ နှစ်ဖက်စလုံး ပြေလည်ဖို့ အခု ၂၀၂၀ ခုနှစ်မှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်မှာ ‘Kachin State Day’ နဲ့ ‘Jinghpaw Mungdaw Nhtoi’ ဆိုတဲ့ ခေါင်းစဉ်ကို သုံးသွားဖို့ ပြောတော့ ဒီမနက်ဆန္ဒပြ လာကြတဲ့သူတွေက Jinghpaw Mungdaw Nhtoi ပါရင် ဘာ မလိုတော့ဘူး။ ဆန္ဒမပြတော့ဘူးဆိုပြီး သူတို့ပြန် သွားကြတယ်။ ကျနော်တို့ လူမျိူး ကြားမှာ အတိုက်အခိုက်မရှိပဲ ကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် အရင်က နာမည်ကိုပဲ သုံးပြီး တနေ့နေ့ ကျနော်တို့ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပြီး ပြည်သူတွေ အများဆုံး လိုလားတာကို ကိုင်ဆောင်ကြရအောင် ဆိုပြီး ပိတ်သိမ်းလိုက်တယ်။” ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ လမိုင် ဂွမ်ဂျာက ဆိုပါသည်။
လွန်ခဲ့သည့် (၇၁) နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်အနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါဝင်ခဲ့သလို၊ ယခုနှစ်တွင်လည်း ကိုယ်တိုင် လာရောက်ပါဝင်မည်ဟု သိရပါသည်။
ဇန်နဝါရီလ ၉ ရက်နေတွင် အဖွင့်အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး၊ ကချင်ပြည်နယ်နေ့ ကျရောက်သော ဇန်နဝါရီ ၁၀ ရက်နေ့တွင် မနောအကဖြင့် ပြုလုပ်သွားမည်ဟု ပွဲစီစဉ် သူများပြောပါသည်။
“အားလုံးက ပြည်နယ်အစိုးရ လုပ်တာ။ လိုအပ်တဲ့တာဝန် နေရာကနေ ကူညီပေးဖို့ပဲရှိတယ်။ ဒီမနက် ဆန္ဒပြတာတော့ ကြားမိပါတယ်။ ဘာအတွက်ပြတယ်ဆိုတာတော့ သေချာမသိဘူး။ ကျနော်တိုကတော့ လိုအပ်တဲ့နေရာတွေမှာပဲ ကူညီသွားမယ်။ ကျန်တာတော့ ထွေထွေထူးထူူး မရှိပါဘူး။” ဟု ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG မှ အထွေထွေအတွင်းရေးမှူး ဦး Hpare Hkaw Luk မှ ကချင်သတင်းဌာန KNG ကို ပြောပါသည်။
(၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့ကို ကချင်ရိုးရာယဉ်ကျေးမှုအသင်း WHG ဦးဆောင်ပြုလုပ်ရန် ပထမစီစဉ်ခဲ့သော်လည်း ‘Jinghpaw Mungdaw Nhtoi’ ဆိုသည့် ပွဲတော်ခေါင်းစဉ်မပါခဲ့သဖြင့် ကချင်မျိုးနွယ်စုကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် ရိုးရာယဉ်ကျေးမှု မနောပွဲနှင့် ဈေးရောင်းပွဲတော် အစီစဉ်အဖြစ်သာ ပြုလုပ်ရန် ဖေဖော်ဝါရီလသို့ ရက်ရွေ့ခဲ့ပါသည်။







