ကရင်လက်နက်ကိုင်များကြား တူညီမှုများ လုပ်ဆောင်ရင်း မတူညီမှုများကို ညှိနှိုင်းသွားမည်ဟု DKBA စစ်ဦးစီးချုပ် ပြော

ကရင်လက်နက်ကိုင်များကြား တူညီမှုများ လုပ်ဆောင်ရင်း မတူညီမှုများကို ညှိနှိုင်းသွားမည်ဟု DKBA စစ်ဦးစီးချုပ် ပြော

စအိုင်ဆူး — ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် တူညီမှုများကိုအတူတကွ လုပ်ဆောင်သွားမည်ဖြစ်သလိုမတူညီမှုများကိုလည်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစောမိုရှေးက  ဒီဇင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် ၂၅နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အခမ်းအနား၌ ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးက “ယခုအချိန်မှာကျနော်တို့နဲ့အတူကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အမျိုးသားတူညီတဲ့အပေါ်မှာတူတာတွေကိုအတူတကွ လုပ်ရမှာဖြစ်ပါတယ်။ မတူတာတွေကိုလည်းညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။”ဟုအခမ်းအနားမိန့်ခွန်း၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်- DKBA သည် ယခင် KNU-ကရင်အမျိုးသားအစည်းအရုံးမှ ၁၉၉၄ခုနှစ်မှစ၍ နိုင်ငံရေးအမြင်မတူညီမှုများကြောင့် DKBA အနေဖြင့် ခွဲထွက်လာခဲ့ရာ ယခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့တွင် ၂၅နှစ်ပြည့်မြောက်သွားပြီးဖြစ်သည်။

လက်ရှိတွင် KNU မှခွဲထွက်ခဲ့သည့် အဓိကကရင်လက်နက်ကိုင်၄ဖွဲ့ရှိနေပြီး KNU၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မေလတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများညီညွတ်ရေးကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သော်လည်းတစ်ခုတည်းသောအဖွဲ့အစည်းအနေဖြင့် ပြန်လည်ပေါင်းစည်းခြင်းမရှိဘဲလက်ရှိအချိန်ထိသီးခြားရပ်တည်နေကြဆဲဖြစ်သည်။

ယနေ့ပြုလုပ်သည့် DKBA နှစ်ပတ်လည်နေ့ အခမ်းအနားကိုယခင်နှစ်များနှင့်မတူဘဲKNUဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအပါအဝင် ကျန်ကရင်လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များလည်းအသီးသီးတက်ရောက်ခဲ့သလိုယခင် ပြည်ထောင်စုဝန်ကြီးဟောင်းဦးအောင်မင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDPဥက္ကဋ္ဌဦးသန်းဌေး၊ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌဦးသိန်းဇော်တို့လည်းတက်ရောက်ကာအမှာစကားအသီးသီးပြောကြားခဲ့ကြသည်။

KNUဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “စည်းလုံးညီညွတ်ရေးကိုတည်ဆောက်မယ်၊ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ် ဆိုရင် အမုန်းတရားတွေ မယုံကြည်မှုစတဲ့ အခြေခံတွေနဲ့ တည်ဆောက်လို့ မရဘူး။ ချစ်ခင်ကြင်နာတဲ့ နည်းလမ်းတွေနဲ့ပဲသွားရမှာဖြစ်တယ်။”ဟုထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့် ၂၅နှစ်မြောက် DKBA တပ်နှစ်ပတ်လည်နေ့တွင် ၂၀၁၆ခုနှစ်ကထုတ်ပယ်ခြင်းခံခဲ့ရသောတပ်မှူးများဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ခွဲထွက်)-DKBAအဖွဲ့နှင့် မူလDKBA တို့ နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းရန် ယခုလအစောပိုင်းကတွေ့ဆုံညှိနှိုင်းကြိုးပမ်းခဲ့သော်လည်း နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းလျှင် အစိုးရစစ်တပ်ထံသို့ လက်နက်အပ်ရမည်ဖြစ်သောကြောင့် ပေါင်းစည်းရေးအစီအစဉ်မှာမဖြစ်မြောက်ခဲ့ကြောင်းခွဲထွက်-DKBA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောကျော်သက်ကဒီဇင်ဘာလ ၁၈ရက်နေ့တွင်ကေအိုင်စီသို့ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးDKBAဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီးလ်ကပေါင်းစည်းရေးကိစ္စမှာပြောဆိုရန် အချိန် စောနေသေးပြီး ၎င်းတို့အနေဖြင့် ထပ်မံဆွေးနွေးသွားမည်ဟုအခမ်းအနားအပြီးတွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း-BMAဒါရိုက်တာစောနေထူးက “သွားနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ တိုင်းရင်းသားအရေးအရာကိစ္စတွေမှာဒီလိုမျိုးအကွဲကွဲအပြားပြားဆက်ဖြစ်နေရင် ကြာလာရင် ကျနော်တို့ ကရင်တွေအတွက် ကောင်းတဲ့အရာတော့မဟုတ်ဘူး။ အနာဂတ်မှာ ပြန်လည်ပေါင်းစည်းပြီးနောက်ဆုံးမှာတစ်ခုတည်းတစ်ဖွဲ့တည်း ပြန်ပေါင်းစည်းပြီးကရင်လူမျိုးတွေအတွက်တစ်ခုပဲလှုပ်ရှားဆောင်ရွက်ပေးတာမျိုးကို မြင်ချင်တယ်”ဟုကေအိုင်စီသို့ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးနှင့်အထူးဧည့်သည်များ၊ နိုင်ငံရေးပါတီများ၊အစိုးရအဖွဲ့ဝင်အချို့၊ ဒေသခံပြည်သူလူထုများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်တွင်းပြည်ပနှင့်နယ်စပ်ရှိကရင်ပြည်သူလူထုစုစုပေါင်း၃၀၀၀နီးပါး တက်ရောက်ခဲ့ကြသည့်၎င်းအခမ်းအနားတွင် ခေါင်းဆောင်အချို့ကအမှာစကားများပြောကြားခြင်း၊ စစ်ရေးပြအခမ်းအနားများအပြင် ကရင် ရိုးရာဒုံးအကပြိုင်ပွဲများ၊ လက်ဝှေ့ပွဲများနှင့် ကရင်တေးသံရှင်များ၏ သီချင်းသီဆိုဖျော်ဖြေမှု အစီအစဉ်များလည်းပြုလုပ်ခဲ့ကြသည်။

DKBA ကို ၁၉၉၄ခုနှစ်တွင် DKBA-တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖြစ်လည်းကောင်း၊ ထိုမှတဆင့် ၂၀၁၀ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစောလားပွယ် ဦးဆောင်ကာနယ်ခြားစောင့်တပ်အသွင် မပြောင်းခဲ့ဘဲရပ်တည်ခဲ့ပြီး ၂၀၁၂ခုနှစ် ဧပြီလတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA အနေဖြင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၂၀၁၁ခုနှစ်တွင် ယခင်သမ္မတဦးသိန်းစိန် အစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ပြီး ၂၀၁၅ခု နှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCAကိုအခြားသောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ဖွဲ့နှင့်အတူပါဝင်လက်မှတ်ရေးထိုးခဲ့သည်

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...