အမ်းမြို့နယ်တွင် တပ်မတော်ပစ်ခတ်မှုကြောင့် လူငယ် (၂)ဦးသေဆုံး

အမ်းမြို့နယ်တွင် တပ်မတော်ပစ်ခတ်မှုကြောင့် လူငယ် (၂)ဦးသေဆုံး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က တပ်မတော်ပစ်ခတ်လိုက်မှုကြောင့် လူငယ် (၂)ဦးသေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

မောင်ရဲလင်းနှင့် မောင်ထွေးဆိုသူနှစ်ဦးသည် နေ့လည် (၂)နာရီက မိမိကျေးရွာမှ မဲလက်မောင်းကျေးရွာစျေးသို့ စျေးဝယ်ရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကားလမ်းပေါ်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်သော ကျည်ဆံကြောင့် သေဆုံးသွားသည်ဟု မောင်ထွေး၏အစ်ကို ကိုကျော်ခင်က DMG သို့ပြောသည်။

“ သူတို့ထွက်သွားတဲ့အချိန်မှာ ကားလမ်းနားမှာ စစ်သားတွေရောက်နေကြပြီ။ ကျွန်တော့်ညီတို့က မဲလက်မောင်းရွာထဲကို စျေးဝယ်ဖို့ သွားတဲ့အချိန်မှာ သေနတ်ပစ်သံကိုကြားလိုက်တယ်၊ သူတို့(၂)ယောက်ရဲ့ အလောင်းကလည်း အဲဒီနေရာမှာပဲရတာပါ”ဟု ၎င်းကဆိုသည်။

မောင်ရဲလင်းတွင် ရင်ဘတ်နှင့်နောက်ကျောတွင် သေနတ်ဖောက်ထွက်သွားသည့် ဒဏ်ရာ(၂)ချက်နှင့် ဘယ်ဖက်လက်မောင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသွားသည်။ မောင်ထွေးတွင် ကျည်ဆံထိမှန်မှုကြောင့် ရင်ဘတ်မှာ ဒဏ်ရာတစ်ချက်ရရှိသွားပြီး သေနတ်ဒင်ဖြင့် ထုထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ကိုကျော်ခင်က ဆက်လက်ပြောသည်။

၎င်းတို့အလောင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရွာသစ်ကျေးရွာနှင့် မဲလက်မောင်းကျေးရွာကြားရှိ ကံ့ကော်မြိုင်ကျေးရွာအနီး ကားလမ်းဘေး ချုံပုတ်တွင် တွေ့ရှိခဲ့သည်။

တပ်မတော်ကမူ အဆိုပါ နှစ်ဦးမှာ AA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အရပ်ဝတ်ဝတ်ဆင်ထားသည့် မသင်္ကာဖွယ်လူနှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ရပ်တန့်ရန် သတိပေးခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းအနီးပတ်ဝန်းကျင်အား စစ်ဆေးရှာဖွေရာတွင် ချုံပုတ်အတွင်း ဝှက်ထားသည့် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ရီမုမိုင်းလေးလုံးကို တွေ့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးမှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောသည်။

အဆိုပါ ရွာသစ်ကျေးရွာမှာ အိမ်ခြေ(၁၀)ကျော်ရှိပြီး ချင်းလူမျိုးနေထိုင်သည့် ကျေးရွာဖြစ်ကာ သေဆုံးသူများကိုလည်း ရွာဓလေ့အတိုင်း ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သင်္ဂြီုလ်လိုက်သည်ဟု မိသားစုဝင်များထံက သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...