တပ်မတော်စစ်ကြောင်းက ခေါ်ယူသွားသူတစ်ဦးနှင့်ပတ်သက်ပြီး မိသားစုစိုးရိမ်နေ

တပ်မတော်စစ်ကြောင်းက ခေါ်ယူသွားသူတစ်ဦးနှင့်ပတ်သက်ပြီး မိသားစုစိုးရိမ်နေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံကျေးရွာမှ ဒေသခံတစ်ဦးကို တပ်မတော်က ခေါ်ယူသွားသည်မှာ တစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း သတင်းအစအန မကြားရသဖြင့် သူ့လုံခြုံရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များ စိုးရိမ်နေကြသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၄ နာရီခန့်က ကျောက်ရံကျေးရွာမှ မောင်ကျော်ငြိမ်းထွန်း( အသက် ၂၅ နှစ်)သည် ဖခင်နှင့်အတူ ရွာအနီးရှိ ကျွဲသားပေါက်နေသည်ကို စောင့်ကြည့်နေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ယူသွားသည်ဟု ဖခင်ဖြစ်သူ ဦးမောင်သိန်းထွန်းက  DMG သို့ ပြောသည်။

“အဲဒီနေ့က ကျနော်တို့မှာကျွဲသားပေါက်တယ်။ ကျနော်တို့ သားဖနှစ်ယောက်လည်း စောင့်ကြည့်နေကြတာပေါ့။ မနက်ပိုင်းမှာအဲဒီ တပ်မ ၂၂ က လာတယ်။ ကျနော်တို့ကိုမြင်တော့လာတယ်။ ကျနော်ကတော့ ပုန်းနေတယ်။ ကျနော့်သားကို မေးတယ်။ ဘာလုပ်နေလဲလို့ သူကကျွဲသားပေါက်လို့ စောင့်နေတာလို့ ဖြေတယ်။ အဲမှာကျနော်သားကို ဖမ်းဆီးသွားတာပဲ။ ကျနော်ရပ်ပြီးတော့ ကျန်ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေစိုးချောင်းဗျူဟာမှူးကို သွားရောက်တိုင်ကြားရာတွင် စိစစ်ပေးမည်ဟုသာ ပြောဆိုသည်ဟု ဦးမောင်သိန်းထွန်းက ဆက်လက်ပြောသည်။

“သူက စုံစမ်းပေးမယ်လို့ပြောတယ်။ ကျနော်တော့ ကိုယ့်သားကိုတွေ့ချင်တယ်။ ကျနော့်သားလေးက စိတ်မနှံ့ဘူး။ တစ်ခုခုလုပ်မှာကိုလည်း စိုးရိမ်တယ်။ ကျနော့်သားသတင်းကို သိချင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

လက်ရှိမှာ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း သားမရှိသေးသောကြောင့် စပါးမရိတ်သိမ်းရကြောင်းလည်း မိသားစုဝင်များက ပြောဆိုသည်။

တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ယူသွားခြင်းခံရသည့် ရသေ့တောင်မြို့နယ်၊ ကျောက်ရံကျေးရွာမှ မောင်ကျော်ငြိမ်းထွန်း

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...