ကြက်ဆူစေ့စားမိရာမှ အော့အန်၊ မူးဝေ၊ ဝမ်းသွား ဖြစ်ခဲ့ကြသူများမှာ ဝက်ခေါင်းကျေးရွာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၁၁ ဦး၊ ကျောင်းမနေတော့သည့် ကလေးငယ် (၂)ဦး၊ အသက် (၄ဝ)အရွယ် အရပ်သား (၁)ဦး၊ စုစုပေါင်း ၅၅ ဦးတို့ဖြစ်ကြသည်။
“သူငယ်တန်းကနေ ရ တန်းလောက်အထိ ကျောင်းသူ၊ ကျောင်းသားတွေ ကြက်ဆူစေ့စားမိလို့ အော့အန်၊ မူးဝေ၊ ဝမ်းသွားမှုဖြစ်ပွားခဲ့တယ်။ ကျောင်းမနေတဲ့ ကလေး ၂ ယောက်နဲ့ အရပ်သား ၁ ယောက်တို့ ပါ၀င်တယ်။ အော့အန်ရုံလောက်ပါပဲ။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု မြေပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သူတို့သည် ကြက်ဆူစေ့စားပြီးနောက် အော့အန်မူးဝေ ဝမ်းသွားသည့်အတွက် မြေပုံမြို့ရှိ အထွေထွေ ရောဂါကုဆေးရုံသို့ တက်ရောက်ဆေးကုသခံခဲ့ရကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဝက်ခေါင်းကျေးရွာမှ မခင်လှရီက “အခုတော့ ကလေးတွေအားလုံး သက်သာလို့ ဒီနေ့မနက်က ဆေးရုံက ဆင်းလာကြပါပြီ။ အခုတော့ ကျောင်းတောင်ပြန်တက်နေကြပါပြီ”ဟု နိရဥ္စရာသို့ပြောသည်။
ကြက်ဆူစေ့စားမိကြသူများမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက အထက်တန်းကျောင်း(ခွဲ)အနီးရှိ ကြက်ဆူပင်မှ ကြက်ဆူစေ့များကို စားမိရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။







