လင်မယားချင်း စကားများရန်ဖြစ်ရာမှဓားခုတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး၍ ကျန်တစ်ဦး ဆေးရုံတင်လိုက်ရ

လင်မယားချင်း စကားများရန်ဖြစ်ရာမှဓားခုတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး၍ ကျန်တစ်ဦး ဆေးရုံတင်လိုက်ရ

နေနော် — ကရင်ပြည်နယ် မြဝတီမြို့နှင့် ၉ မိုင်ခန့်အကွာရှိ သင်္ဃန်းညီနောင်ကျေးရွာတွင် အရက်သေစာသောက်စားပြီး လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးခုတ်ကြရာ မယားဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူမှာ စိုးရိမ်ရသည့် အခြေအနေရှိ၍ ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်၊ ည ၁၀နာရီခွဲအချိန်ခန့်တွင် သင်္ဃန်းညီနောင် ကျေးရွာ၊ စစ်မှုထမ်း ဟောင်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အေး ၄ဝ နှစ် နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးလှဝင်း ၆၆ နှစ်တို့ လင်မယားနှစ်ဦးနေအိမ်တွင် အရက်သေစာအတူသောက်စားကြပြီး စကားများရန်ဖြစ်ကြရာမှ ဓါးခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ ရဲများက ဆိုသည်။

အဆိုပါ ဓါးခုတ်မှု ဖြစ်စဉ်ကို သင်္ဃန်း ညီနောင်ရဲ စခန်းမှ စခန်းမှူး ရဲအုပ်ဝင်းသန်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ သင်္ဃန်းညီနောင်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဦး၊ ရပ်မိရပ်ဖ ဦးကျော်စိုးတို့ပါဝင်၍ အခင်းဖြစ်ပွားရာ နေအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရှုချက်အရ ဓါးခုတ်မှုကြောင့် ဒေါ်အေးတွင် ဦးခေါင်း နောက်တွင် ၇ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဘယ်လက်နှင့် ဝဲဘက်လက်ဖျံ၊ ယာဘက်တင်ပါးတို့တွင် ဒဏ်ရာများ ရရှိထားကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့သည်။

ထို့အတူ ခင်ပွန်းဖြစ်သူ ဦးလှဝင်း၌လည်း ဦးခေါင်းဝဲဘက်ချိုစောင်းနှင့်ဝမ်းဗိုက်တို့တွင် စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိပြီး ဦးလှဝင်းအား ည ၁၀နာရီ မိနစ် ၅၀ အချိန်တွင် မြဝတီပြည်သူ့ဆေးရုံကြီး သို့ တင်ပို့ပေးခဲ့သည် ဟု ရဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မယားဖြစ်သူ ဒေါ်အေးအား သေဆုံးအောင် ဓားဖြင့်ခုတ်သူ ဦးလှဝင်းအား သင်္ဃန်းညီနောင်ရဲ စခန်းမှ (ပ)၁၃ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ဆေးရုံတွင်ရဲအစောင့်များဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...