နေရောင်မင်း — ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပြင် တိုက်ပွဲနယ်မြေများမှာ ယခင်နှစ်ထက် ကျယ်ပြန့်လာနိုင်ဖွယ်ရှိသည်ဟု AA က ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း တပ်မတော်ဘက်က တပ်မ (၆၆)အပါအဝင် အခြားတပ်ရင်းများမှ ထုတ်နှုတ်အင်အားများပါဝင်သည့် တပ်ဖွဲ့ဝင်များကို ထပ်မံဖြည့်တင်းနေသောကြောင့် မကြာခင်ကာလတွင် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု AA ကဆိုသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် မလွဲမရှောင်သာ ခုခံကာကွယ်စစ်များနှင့် ထိုးစစ်များကို စစ်ရေးလိုအပ်ချက်နှင့် ခုခံကာကွယ်စစ်တို့၏ သဘောအရ တစ်ဖွဲ့ချင်း(သို့မဟုတ်) ညီနောင်မဟာမိတ်များဖြင့် လိုအပ်လျှင်လိုအပ်သလို တုံ့ပြန်တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်ရှိတွင် မြို့နယ် (၈)မြို့နယ်ခန့်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင် (၁)သိန်းနီးပါးအထိ ရှိလာပြီဖြစ်သည်။







