ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် စစ်တွေတွင်ကျင်းပ

ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် စစ်တွေတွင်ကျင်းပ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်တွင် နေထိုင်သော တိုင်းရင်းသားများမှ ကိုယ်စားလှယ်များ တက်ရောက်သော ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တစ်ရပ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပလျက်ရှိသည်။

ယင်းဖိုရမ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရနှင့် ပါတီများပါ၀င်ရုံဖြင့် မလုံလောက်၍ အရပ်ဘက်အဖွဲ့အစည်းများ ပါ၀င်ဖို့လိုအပ်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များ ထွက်ပေါ်လာရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ ဖိုရမ်များကျင်းပဖို့ လိုအပ်သည်ဟု ဖိုရမ်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဖိုရမ်ဖြစ်မြောက်ရေးယာယီကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခိုင်ကောင်းစံက ပြောသည်။

ဖိုရမ်တွင် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများဖြစ်သည့် မာရမာကြီး၊ ချင်း၊ သက်၊ ခမီး၊ မြိုနှင့် သက္ကမတိုင်းရင်း သားများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။

“ကျွန်တော်တို့ မာရမာကြီးတိုင်းရင်းသားအတွက် စာတမ်းကို ဒီဖိုရမ်မှာ တင်သွင်းထားပြီးပါပြီ။ နိုင်ငံရေး၊ လုံခြံုရေး၊ မြေယာနဲ့ သဘာဝသယံဇာတ၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ စာတမ်းပါ။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အယင်တုန်းကထက် ကောင်းမွန်လာပါတယ် ”ဟု မာရမာကြီးတိုင်းရင်းသားမဟာဗောဓိ လူမှုရေးအသင်းမှ ကိုဝင်းထိန်က ပြောသည်။

ဖိုရမ်သို့ တက်ရောက်လာသည့် ချင်းတိုင်းရင်းသူ မမျိုးစန္ဒာအောင်ကလည်း ယခုကျင်းပနေသည့် ဖိုရမ်တွင် တိုင်းရင်းသား မျိုးနွယ်စုများနှင့်ပတ်သက်ပြီး အခွင့်အရေးတန်းတူရရှိရေး အကြောင်းအရာများကို တင်ပြ သွားမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ချင်းတိုင်းရင်းသားများအနေဖြင့် အခြားတိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ယခင်ကထက် ပိုမိုအားကောင်းလာကြောင်း၊ ယခုဖိုရမ်သို့ တက်ရောက်ခွင့်ရသည့် အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားသည်။

ယင်းဖိုရမ်တွင် ရခိုင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဋ္ဌ စောစံငြိမ်သူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ဖြစ်မြောက်ရေးယာယီကော်မတီအဖွဲ့ဝင် ဒေါ်မီးမီးနှင့် ရခိုင်အမျိုးသားရေးဆိုင်ရာ အများပိုင်ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးတို့ကလည်း လက်ရှိမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖေါ်ဆောင်နေမှုအခြေအနေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်နှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည်။

၂၁ ရာစုပင်လုံသည် ၄၇ ပင်လုံကို ပစ်ပယ်ခြင်းလားဟုသည့်မေးခွန်းကို စောစံငြိမ်းသူက “၂၁ ရာစုပင်လုံဟာ ၄၇ ခုပင်လုံဂတိဂဝတ်ကို ပစ်ပယ်ခြင်း သဘောမျိုးမဟုတ်ပါဘူး။ ၄၇ ပင်လုံကို အခြေခံပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ ၄၇ ပင်လုံသဘောတူညီချက်ကိုလည်း လုံးဝဖျက်သိမ်းခြင်း မရှိသေးပါဘူး”ဟု ဖြေကြားသွားခဲ့သည်။

ယခုပြုလုပ်နေသာ ဖိုရမ်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်သို့ တက်ရောက်ရန် ရခိုင်ပြည်နယ်ကို ကိုယ်စားပြု၍ ကိုယ်စားလှယ် ၃၀ ဦးကို ရွေးချယ်သွားမည်ဖြစ်သည်။

“ဒီဖိုရမ်ကနေပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို တက်ရောက်မယ့် ကိုယ်စားလှယ် ၃၀ ဦးကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်ကို ရွေးချယ်တဲ့အခါမှာ မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် တစ်ယောက်ကျစီနဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေထဲက တစ်ယောက်ကျစီ ရွေးချယ်ပြီးတော့ ကျန်တဲ့ ကိုယ်စားလှယ်အတွက် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီထဲက ရွေးချယ်ဖို့ များပါတယ်”ဟု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (ရခိုင်ပြည်) ယာယီ၏ စည်းရုံးရေးအဖွဲ့ဝင် ကိုစိုးနိုင်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဤဖိုရမ်သည် ရခိုင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများတက်ရောက်သော တတိယအကြိမ်မြောက် ဖိုရမ်ဖြစ်သည်ဟု လေ့လာသိရှိရသည်။

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများ ပါ၀င်ခွင့်မရရှိ၍ အရပ်ဘက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်ခွင့်မရရှိခဲ့ကြပေ။ ဖေဖေါ်ဝါရီလတွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ အရပ်ဘက်အဖွဲ့အစည်းများ တိုက်ရိုက်တက်ရောက်ခွင့် မရှိသော်လည်း သူတို့၏ သဘောထားရပ်တည်ချက်နှင့် အမြင်များကို တင်ပြနိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံနှင့်အပြိုင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိုရမ်ကို ကျင်းပပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...