သံအမတ်ကြီးသည် ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲခန့်က ဟားခါးမြို့ ချင်းမီဒီယာကွန်ယက်ရုံးချူပ်သို့ ရောက်ရှိလာပြီး လက်ရှိ ချင်းမီဒီယာအဖွဲ့အစည်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှု၊ အခက်အခဲနှင့် တင်ပြဆွေးနွေးခဲ့ သည်ဟု ကွန်ယက်တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ဆလိုင်းဘွေအုပ်ထန်းကပြောသည်။
“ ကျနော်တို့ ရင်ဆိုင်ကြံုတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို တင်ပြခဲ့ကြပါတယ်၊ နောက်ပြီး ပြောင်းလဲဖို့လိုအပ်တဲ့ အရာတွေ ဥပမာဆိုရင်တော့ ကျနော်တို့ဘက်မှာ အစိုးရက ကျောင်းချိန်မှာ ချင်းစာတွေသင်ခွင့်မပေးတော့လေ ဒီကလေး တွေက ချင်းလိုမပြောတတ်တော့ ကျနော်တို့ရဲ့ စျေးကွက်( Marketing) တွေကိုလည်း နောင်လာလို့ရှိရင် လူငယ်တွေရဲ့ စိတ်ဝင်စားမှုက အရမ်းနည်းလာမှာ ဒါကြောင့် အစိုးရက ချင်းစာကို ကျောင်းချိန်မှာ သင်ပေးဖို့လိုအပ်တဲ့အကြောင်းကို ကျနော်တို့ရှင်းပြခဲ့ပါတယ်’’ ဟု ဆလိုင်းဘွေအုပ်ထန်းကပြောသည်။
ထို့အပြင် ချင်းမီဒီယာများအတွက် အဓိက အရေကြီးလိုအပ်နေသော ပုံနှိပ်စက်၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုများ နှင့် အစိုးရဌာနများတွင် အလွယ်တကူ သတင်းရယူနိုင်ရေး ပြည်နယ်အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်သည့်ကိစ္စများကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ချင်းမီဒီယာများအား ပထမဆုံးအကြိမ်လာရောက်တွေ့ဆုံမှုအပေါ် ဂုဏ်ယူကြောင်း၊ မီဒီယာ ၏ အခန်းကဏ္ဍအရေးကြီးပုံ ကိုလည်း သက်သေပြလိုက်ခြင်းလည်းဖြစ်သည်ဟု ဆလိုင်းဘွေအုပ်ထန်းကပြောသည်။
သံအမတ်ကြီးသည် ချင်းပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့နှင့် တွေ့ဆုံကာ လက်ရှိငြိမ်ချမ်းရေးဖြစ်စဉ်များကို CNF နှင့် အစိုးရအကြား ဆက်ဆံရေးအခြေနေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းအခြေနေများကို မေးမြန်းခဲ့သည်ဟု ချင်းပြည် နယ်ငြိမ်းချမ် းရေးစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Rev.Tluang Ceu ကပြောသည်။
ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိူးသားတပ်ဦးတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ်သည် ယခုချိန်ထိ ကောင်းမွန်နေကြောင်း သို့သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တွင် ရက္ခိုင်တပ်မတော် AA တပ်ဖွဲ့လှုပ်ရှားမှုများကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောက် အယှက်ဖြစ်စေ သည့်ကိစ္စများကို တင်ပြခဲ့သည်ဟု သူကဆက်ပြောသည်။
သံအမတ်ကြီးသည်ယနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရနှင့်တွေ့ဆုံမှာဖြစ်ပြီး၊ မနက်ဖြန်တွင် ဒေသတွင်းအခြေစိုက် လူမှုအဖွဲ့အစည်း များနှင့်တွေ့ဆုံသွားမည်ဟုသိရသည်။







