ကုလားတန်ဘက်စုံသုံး စီမံကိန်းတွင် ပြည်တွင်းပြေးဆွဲမည့် သင်္ဘောများ စစ်တွေ့သို ထွက်ခွာလာ

ကုလားတန်ဘက်စုံသုံး စီမံကိန်းတွင် ပြည်တွင်းပြေးဆွဲမည့် သင်္ဘောများ စစ်တွေ့သို ထွက်ခွာလာ
by -
မဇ္ဈိမ
စစ်တွေမြို့တွင် တည်ဆောက်လျှက်ရှိသည့် အိန္ဒိယ-မြန်မာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုလားတန်ဘက်စုံသုံး စီမံကိန်း တွင် ပြည်တွင်း၌ ပြေးဆွဲမည့် ရေယာဉ်များမှာ ယခုလ ၂၇ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများအား မြန်မာ့ရေကြောင်းဌာန၊ ရခိုင်ဌာနခွဲမှ တာဝန်ယူပြီး ရန်ကုန်မှ တစ်ဆင့် စစ်တွေမြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်ထွက်ခွာလာခဲ့ပြီဖြစ်ရာ ယင်းသင်္ဘောများ   ရောက်ရှိပါက အသုံးပြုမည့် ကုလားတန်စီမံကိန်းသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးဌာန လက်ထောက်ရေကြောင်းမှူးချုပ် ဦးအောင်ကျော်စိုး က ပြောသည်။

“အခု ကျွန်တော်တို့ တာဝန်ယူပြီးတော့ ယူလာတဲ့ သင်္ဘောတွေက ကုလားတန် ၁ နဲ့ ၂ ဖြစ်ပါတယ်။ ကုလားတန် ဘက်စုံသုံး စီမံကိန်းရဲ့ ပြည်တွင်း သွားလာရေးမှာအသုံးပြုမဲ့ သင်္ဘောတွေပါ။ ရန်ကုန်ကနေ ၂၁ ရက်နေ့ကစပြီး ထွက်လာခဲ့တာပါ။ ရောက်မှာကတော့ နောက်ထပ် ၆ ရက်အကြာမှာ ရောက်မှာဖြစ်ပါတယ် ”ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ယင်းသင်္ဘောများအား ရန်ကုန် ဒလသင်္ဘောကျင်းတွင် မြန်မာနည်းပညာဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ကိုယ်ထည်မှာ ၁၄၄ ပေ၊ ၃၀ ပေခန့်ရှိကာ တင်နိုင်ဝန် ပမာဏမှာ တန် ၃၅၀ ခန့်ရှိကြောင်းနှင့် စီမံကိန်း စတင်လည်ပါတ်ပါက စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းသို့ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းမှာအသုံးပြုမှာက  ၆ စီပါ။ လောလောဆယ်တော့ ၂ စီးပဲရောက်မှာပါ။ နောက်ထပ် ၄ စီးက ဖေဖော်ဝါရီလ အတွင်းမှာ ရောက်မယ်လို့ သိရတယ််ခင်ဗျား။ ဆိပ်ကမ်းကိုလည်းပဲ မကြာခင်မှာဘဲ ဖွင့်လှစ်တော့မှာပါ။”ဟု ဦးအောင်ကျော်စိုးက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ စီမံကိန်းစတင်ပါက ၎င်းသင်္ဘောများအား ပြေးဆွဲမှုပြုနိုင်ရေးအတွက် ဝန်ထမ်းများအား ဒေသတွင်းရှိ ရေကြောင်းဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၊ အငြိမ်းစားများအား ဦးစားပေး ခန့်အပ်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေး၏ ၂၀၁၅ ခုနှစ်အတွင်းက ဖြေကြားချက်များရ သိရသည်။

ကုလားတန်ဘက်စုံသုံး စီမံကိန်းမှာ ဖွံ့ဖြိုးမှုနောက်ကျနေသည့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ၊ မီဇိုရမ်ပြည်နယ်သို့ ကုန်စည်များအား ကာလကတ္တား(မွမ်ဘိုင်း)မှ တဆင့် တင်ပို့နိုင်ရန်အတွက် ပြုလုပ်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံထုတ် ကုန်စည်များအား ပို့ဆောင်ရာတွင် စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်းတို့ကို ကြားခံအဖြစ် အသုံးပြု သွားမည် ဖြစ်ကာ ဒေသ သီးနှံထွက်ကုန်ဖြစ်သည့် မတ်ပဲကို လာမည့်နှစ်တွင် တန်ချိန် တစ်သောင်းအထိ ဝယ်ယူမည်ဟု အိန္ဒိယက ကမ်းလှမ်းထားသော်လည်း မတ်ပဲစိုက်ပျိုးမှု နည်းပါးသည့်အတွက် သတ်မှတ်ကုန်ချိန် ပြည့်မှီရန် ရခိုင်ပြည်နယ် အတွင်း မတ်ပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းမှုများ၊ ကွင်းဆင်းလေ့လာမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်စိုက်ပျိုးရေးဌာနမှ သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...