တပ်မတော်မှ ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားဟု တပ်ချုပ်ပြော

တပ်မတော်မှ ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားဟု တပ်ချုပ်ပြော
by -
မဇ္ဈိမ
တပ်မတော်မှ ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်စေရန် ၀ိုင်းဝန်းလုပ်ဆောင်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ယနေ့  ဇန်နဝါရီလ ၂၃ရက်၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၌ ကရင်အမျိုးသားအစည်း အရုံး(KNU)ဥက္ကဋ္ဌစောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST ) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ အဖွဲ့အစည်းများအနေဖြင့် အကြိမ်ကြိမ်အခါခါ တွေ့ဆုံဆွေးနွေးပြီးမှ NCA ကို လက်ခံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်၍ NCA ၏ မူဝါဒများကို သိရှိကာ အားလုံးက ၀ိုင်းဝန်းထိန်းသိမ်းကြရန်လိုကြောင်း” ပြောခဲ့သည်။

PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက “ လက်နက်ကိုင် ပဋိပက္ခများသည် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ဘဲ နိုင်ငံရေးအရသာ ညှိနှိုင်းဆွေးနွေးဖြေရှင်းရမည်ဟု ခံယူကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် NCA ကို အခြေခံပြီးနိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ ငြိမ်းချမ်းရေးကိုရရှိသည်အထိ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောခဲ့သည်။

PPST အဖွဲ့ဝင်များက အခြေအနေအခက်အခဲများ၊ အကောင် အထည်ဖော်ဆောင်ရွက် သွားရမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး  ABSDF ဗဟုုိကော်မတီဝင် ဆလိုင်းယောအောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ရဲဘော်မင်းဌေး အဖမ်းခံရမှုနှင့် ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိနေကြောင်း မဇ္စျိမသို့ ပြောဆိုထားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး PPST ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့် ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဋ္ဌ ဦးသံခဲနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)မှ ခွန်စိုင်းတို့ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့က NCA လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များသည် ကရင်ပြည်နယ်လောခီးလာ၌ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ABSDF မှ ရဲဘော်မင်းဌေး နှင့် ALP မှ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုအပေါ် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုုပ်ရန် KNU မှ ဗုုိလ်ချုပ်ကြီး စောမူတူးစေးဖုုိး ဦးဆောင်သော ၅ ဦးပါ ကော်မတီကုုိ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...