လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်သူ ၂၂ ဦး အထိရှိလာ

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်သူ ၂၂ ဦး အထိရှိလာ

ဆုမြတ်မေဇော်  — ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်း မြေယာအငြင်းပွားမှု ပြဿနာများနှင့်ပတ်သက်၍ တပ်မတော်မှတရားစွဲဆိုထားသည့် ဒေသခံတောင်သူ(၂၂)ဦးရှိတယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ခူးသူရယ်က ပြောသည်။

အဆိုပါ ဒေသများမှဒေသခံတောင်သူလယ်သမား အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၅)ဦးတို့သည် ရာဇသတ်ကြီးဥပဒေပုဒ်မ(၄၇၇) ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး လက်ရှိတွင် (၉)ဦးက ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။

“အခုအဖမ်းခံထားရတဲ့ တောင်သူတွေက ဟိုးအရင် အနှစ်(၅၀၊၆၀)လောက်ကတည်းက ဒီမြေပေါ်မှာ နေလာတာ၊ အခု သူတို့အဖမ်းခံရတော့ သူတို့ရဲ့သားသမီးတွေက ကျောင်းတွေ ဆက်မတက်နိုင်တော့တဲ့အထိတောင် ဖြစ်နေတယ်၊ ယောက်ျားသားတွေ အဖမ်းခံရတော့ စားဝတ်နေရေးအတွက် မိသားစုတွေ အဆင်မပြေတော့ဘူး”ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ခူးသူရယ်က ဆိုသည်။

အချို့လယ်မြေများမှာ လယ်သမားများက ပုံစံ(၇)ပိုင်ဆိုင်ထားသော်လည်း တပ်မတော်၏ ကယားပြည်နယ်အခြေစိုက် အမြောက်တပ်ရင်းအမှတ်(၃၆၀)နှင့် ခြေလျင်တပ်ရင်း အမှတ်ရ(၂၅၀)တို့ကနေ မြေလွတ်မြေရိုင်းဟုသတ်မှတ်ကာ လုံခြုံရေးအတွက် သိမ်းယူထားခြင်း ဖြစ်ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ကားယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က “စစ်တပ်နဲ့ ပတ်သက်လာရင် လုံခြုံရေးအတွက် ဖြစ်တယ်လို့ပြောတယ်၊ ဥပဒေရဲ့ကန့်သတ်ချက်ကြောင့် ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာမပါတော့ လုပ်ရတာခက်ပါတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်မရပေမယ့် လွှတ်တော်အပြင်မှာ ဆွေးနွေးတာမျိုး လုပ်သင့်တယ်၊ အခုတော့ ကျွန်တော် လုပ်နိုင်သလောက်  ပြည်ထောင်စုလွှတ်တော်ထဲ တင်ပြနိုင်ဖို့ ကြိုးစားနေတယ်”ဟု ဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ လယ်သမားအချို့က ပြည်နယ်အစိုးရထံ အသနားခံစာ တင်ထားသော်လည်း လက်ရှိအချိန်အထိ တာဝန်ယူဖြေရှင်းပေးခြင်း မရှိသေးကြောင်းလည်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...