တိုက်ပွဲများကြောင့် ကလေးများ သေဆုံး ဒဏ်ရာရရှိနေခြင်းနှင့် တိုက်ပွဲရှောင်နေရမှုများအပေါ် ဝမ်းနည်း ကြောင်း UNICEF ထုတ်ပြန်

တိုက်ပွဲများကြောင့် ကလေးများ သေဆုံး ဒဏ်ရာရရှိနေခြင်းနှင့် တိုက်ပွဲရှောင်နေရမှုများအပေါ် ဝမ်းနည်း ကြောင်း UNICEF ထုတ်ပြန်
ပုံ - ယူနီဆက် (fb)စာဖတ်နေကြသည့် ကလေးငယ်များ
ပုံ - ယူနီဆက် (fb)စာဖတ်နေကြသည့် ကလေးငယ်များ

မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်(AA)တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ဦး မြို့ အစွန်အဖျားတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့မှုအပေါ် UNICEF(ယူနီဆက်) ရန်ကုန်ရုံးမှ ဝမ်းနည်းကြောင်း အစီအရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်လာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲများ အရှိန်မြင့် လာကတည်းက သေဆုံး၊ ဒဏ်ရာရသူ ကလေးပေါင်း ၁၄၃ ဦးထိရှိပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

UNICEF “ပဋိပက္ခတွေကြားမှာ မြေစာပင် ဖြစ်ခဲ့ရတဲ့ ကလေးတွေ အားလုံး၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူ မိသားစုတွေအတွက် ဝမ်းနည်းပါတယ်”ဟု ထုတ်ပြန် ချက်တွင် ပြောထားသည်။

အရပ်သားများအပေါ် အင်အားသုံး တိုက်ခိုက်မှုကို အမြင့်ဆုံး ထိန်းချုပ်ခြင်းအားဖြင့် ကလေးများ အေးချမ်းသည့် ဘဝ လျှောက်လှမ်းရာလမ်းတွင်  ၎င်းတို့၏ အခွင့်အရေးအား ကာကွယ်ရန်နှင့် လုံခြံမှုရှိရေးအတွက် လေးလေး နက်နက် လုပ်ဆောင်ကြရန်လည်း UNICEF က  ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားသည်။

ရခိုင်၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားများအကြား တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေမှုကြောင့် အရပ်သား အများအပြား တိုက်ပွဲရှောင်နေရမှုအပေါ် လွန်စွာ စိုးရိမ်လျက် မိကြောင်း UNICEF က ဆိုသည်။

“မြန်မာနိုင်ငံတွင် ကလေးငယ်တွေနဲ့ ၎င်းတို့ရဲ့ အခွင့်အရေးကို ဦးစားပေး စဉ်းစားရမှာဖြစ်ပါတယ်၊ ကလေး တွေရဲ ့ ဘဝအပေါ် လွှမ်းမိုး သက်ရောက်မှုရှိတဲ့ လူကြီးတွေ အားလုံးအတွက်လည်း စဉ်းစားရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ကလေးများကို အန္တရာယ်မှ ကင်းဝေးအောင် စောင့်ရှောက်ပေးရန်နှင့်  တချိန်လုံး ကာကွယ် ပေးနေရန် အဖွဲ့အစည်းအားလုံးကို အပြင်းအထန် တိုက်တွန်းပါကြောင်း UNICEF က ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။

လက်ရှိတွင် AA နှင့် တပ်မတော်တို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင် ၁ သိန်းဝန်းကျင်ရှိနေပြီး ပလက်ဝမှာ ၄၀၀၀ ဝန်းကျင်ရှိကြောင်း၊ KIA နှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်မှာ တိုက်ပွဲရှောင် ၁၂၀၀၀၀ ဝန်းကျင် ရှိသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲရှောင် ထောင်နှင့်ချီရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများက အများစု ဖြစ်ကြောင်းလည်း သိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...