ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့(ဒီဇင်ဘာလ ၆ ရက်)၊ နံနက် (၉)နာရီအချိန်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရ၍ (၃) တန်းကျောင်းသားတစ်ဦး သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။
သေဆုံးသူ အသက် (၉)နှစ်အရွယ် မောင်ကျော်မင်းမြတ်ဆိုသူမှာ ကျောင်းစိမ်းဝတ်စုံဝတ်ဆင်ပြီး ကျူရှင်မှပြန်လာစဉ် သူနေထိုင်သည့် ပိုက်သည်ရပ်ကွက်၊ ဒုံးချောင်းစုအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်။
ရွှေကျောင်းဓမ္မာရုံသို့ ရောက်ရှိနေသည့် တပ်မတော်သားများက ပစ်ခတ်လိုက်မှုကြောင့် ကျည်ဆံငါးချက် ထိမှန်ကာသေဆုံးသွားခြင်းဟု မိသားစုဝင်များက စွပ်စွဲပြောဆိုသည်။
“ကျူရှင်လွတ်လို့ အိမ်ကိုလာတဲ့အခါ တပ်မတော်က ပစ်တာပါ။ အဲဒီနားဒုံးချောင်းနားမှာ တပ်မတော်သားတွေ ရှိပါတယ်။ အဲဒီကနေ ဗြောင်းဗြောင်းနဲ့ပစ်နေတာ။ ဝမ်းမှာ လေးပေါက်၊ငါးပေါက် ပေါက်သွားတယ်” ဟု သေဆုံးသူ၏ အဘွား ဒေါ်မစောလှက ပြောသည်။
လက်ရှိတွင် သေဆုံးသူရုပ်အလောင်းကို ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကာ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်နေကြသည်ဟုလည်း ၎င်းကဆက်လက်ဆိုသည်။
ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ တိုက်ပွဲဖြစ်လို့ ရမ်းသန်းပစ်ခတ်တယ် ဆိုလို့ရှိရင်လည်း အရပ်သားပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေကို မထိခိုက်စေဖို့ အထူးရှောင်ရှားဖို့လိုအပ်တယ် ” ဟု ပြောသည်။
ကျောက်တော်မြို့၊ ပိုက်သည်စုရပ်ကွက်တွင် နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ဒေသခံများထံက သိရသည်။
တပ်မတော်က ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က သုံးကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
တပ်မတော်သားများသည် လွန်ခဲ့သည့် ဒီဇင်ဘာလ (၄)ရက်နေ့က ရောက်ရှိလာပြီး ပိုက်သည်ရပ်ကွက်၊ ရွှေကျောင်းဓမ္မာရုံတွင် တည်းခိုနေထိုင်နေကြသည်။ ဒီဇင်ဘာလ (၅)ရက်နေ့က ကမ်းနားလမ်းတွင် သွားလာနေကြသူများကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထို့နောက် အရပ်သားသုံးဦး ဖမ်းဆီးခံရမှုရှိခဲ့သည် ဟု ဒေသခံတစ်ချို့ကပြောဆိုသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးမှု (၁၀၀)ခန့်ရှိနေပြီး ဒဏ်ရာရရှိရသူ (၁၃၀)ခန့်ရှိနေသည်။







