ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့မှစတင်ကာ အဆိုပါကျောက်မီးသွေးပုံများမှာ အလိုအလျောက် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်အထိ ထိရောက်စွာ ကိုင်တွယ်မဖြေရှင်းနိုင်ခြင်းမရှိသေးသဖြင့် ဒေသခံများက ၎င်းတိ့ု၏ လူနေမှုနှင့် အသက်ရှင်ရပ်တည်မှုများအား ခြိမ်းခြောက်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ထားဝယ်အခြေစိုက် တာကပေါ ကရင်လူငယ်လူမှုအခြေပြု အဖွဲ့ အစည်းမှ တာဝန်ခံ နော်ပီသလောက ပြောသည်။
၎င်းက “အခုလောင်နေတဲ့နေရာက ကျောက်မီးသွေးတွင်းရှိတဲ့နေရာဖြစ်တော့ အောက်မှာ ကျောက်မီးသွေးကြောတွေ ရှိတယ်။ အဲဒီကျောက်မီးသွေးကြောတွေက လူတွေနေတဲ့ ရွာရဲ့အောက်မှာ ဥယာဉ်ခြံမြေတွေအောက်မှာရှိတော့ အဲဒီအောက်က မီးသွေး ကြောတွေအထိ တောက်လျှောက်လောင်ရင် ဘယ်သူက တာဝန်ယူမှာလဲပေါ့။ ဒေသခံတွေက တစ်ခုခုထိခိုက်လာမှာကို စိုးရိမ် နေကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာမေဖလားဝါး မိုင်းနင်းအင်တာပရိုက်စ်ကုမ္ပဏီမှ လုပ်ကိုင်သော ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းမှာ ဒေသခံများနေထိုင်သည့် ကွင်းချောင်းကြီးကျေးရွာနှင့် မိုင်ဝက်ခန့်အကွာအဝေးတွင်သာ တည်ရှိပြီး အဆိုပါကျေးရွာတွင် အိမ်ခြေ(၇၀)၊ လူဦးရေ ကျား၊ မ စုစုပေါင်း (၃၆၅)ဦးနှင့် စိုက်ပျိုးမြေဧက (၇၂၁၄)ဧက ရှိကြောင်း သိရသည်။
ထားဝယ်အခြေစိုက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံများက ယင်းကိစ္စများနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင်ထံသို့ မေ ၄ ရက်နေ့က စာပေးပို့ခဲ့သလို ကုမ္ပဏီနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရထံသို့ စာအသီးသီး ပေးပို့ခဲ့သော်လည်း တစုံတရာ ထူးခြားပြောင်းလဲလာခြင်းမရှိသေးကြောင်း တာကပေါကရင်လူငယ် လူမှုအခြေပြုအဖွဲ့အစည်းက ဆိုသည်။
ထိုကိစ္စအပေါ် KNU ဘိတ်-ထားဝယ်ခရိုင် တွဲဖက်အတွင်းရေးမှူး ပဒိုစောအယ်နာက “ဒီစာက ကျနော်တို့ဆီမှာ မရောက်သေးတဲ့အတွက် အသေးစိတ်ကို မသိရှိရသေးပါဘူး။ တကယ်လို့ ရောက်လာခဲ့တယ်ဆိုရင်တော့ ဒေသခံတွေရဲ့ သဘောထားကိုကြည့်ပြီး ကျနော်တို့အနေနဲ့ ဘယ်လိုလုပ်ပေးနိုင်မယ်ဆိုတာ ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် လောလော ဆယ်တော့ ဘာမှသဘော ထားပေးလို့ မရသေးပါဘူး”ဟု ပြောသည်။
ထို့အပြင် ဘန်းချောင်းဒေသ၌ တူးဖော်၍ ထားဝယ်မြို့နယ် ထီးခီးနယ်စပ်အနီး အိမ်ခြေ (၃၀)ခန့်ရှိသည့် အများ(အမလာ)ကျေးရွာတွင် သယ်ယူစုပုံထားသော ကျောက်မီးသွေးပုံများမှာလည်း မတ်လဆန်းမှ စတင်ကာ ယခုအချိန်အထိ ဆက်လက်လောင်ကျွမ်းနေခြင်းကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့နှင့် အနံ့ဆိုးများကြောင့် ကျန်းမာရေးထိခိုက်မှုများရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။
အမလာကျေးရွာသည် ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်က ဘိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄) အခြေစိုက် မင်းသမီးစခန်းအား အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများက ၂၀၁၂ခုနှစ် အပစ်ခတ်ရပ်စဲရေးပြီးနောက်ပိုင်း ပြန် လည်အခြေချနေထိုင်သည့် ရွာဖြစ်သည်ဟုလည်း သိရသည်။
ဘန်းချောင်းဒေသတွင် မြန်မာမေဖလားဝါးမိုင်းနင်း အင်တာပရိုက်စ်ကုမ္ပဏီက အစိုးရထံမှ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရန် ၂၀၁၀ခုနှစ်မှစတင်ကာ မြေဧက(၂၁၀၀) ခွင့်ပြုချက်ရရှိထားပြီး ၎င်းဧရိယာများသည် သဗြုချောင်း၊ ကျောက်ထူး၊ ကွမ်းချောင်းကြီး၊ ကထောင်းနီကျေးရွာရှိဒေသခံများ၏ ဥယျာဉ်ခြံမြေများအတွင်း ကျရောက်လျှက်ရှိကြောင်း ထားဝယ်ဒေသအခြေစိုက် လူမှုအသင်းအဖွဲ့များက ဆိုသည်။







