သိန်းနှင့်ချီသော စစ်ဘေးဒုက္ခသည်များကို ကူညီခြင်းဖြင့် လူသားဆန်မှုကိုပြသပါ

သိန်းနှင့်ချီသော စစ်ဘေးဒုက္ခသည်များကို ကူညီခြင်းဖြင့် လူသားဆန်မှုကိုပြသပါ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှ လက်ရှိ ၂၀၁၉ ဒီဇင်ဘာလအထိဆိုလျှင် အချိန်ကာလ (၁) နှစ်အထိပင် ကြာမြင့်လာပြီဖြစ်သည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကာ ဒုက္ခသည်စခန်းများသို့ ခိုလှုံလာကြသူများ ရှိသကဲ့သို့ မိမိတို့နေရပ်တွင် နေထိုင်ကာ အစားအသောက်၊ ဆေးဝါးအခက်အခဲများစွာဖြင့် ကြံ့ကြံ့ခံနေထိုင်နေသူများလည်း ရှိနေသည်။

စခန်းအတွင်းရောက်ရှိနေကြသည့် ဒုက္ခသည်ဦးရေမှာ ၂၉၂၄၂ ဦးခန့်ရှိပြီး စခန်းသို့မရောက်လာဘဲ မိမိအစီအစဉ်ဖြင့် နေထိုင်သူများ၊ ဆွေမျိုးများနေအိမ်တွင် နေထိုင်သူများနှင့် နေရပ်ကိုမစွန့်ခွာပဲ စစ်ဘေးဒဏ်ကို ခံနေကြရသည့် ဒုက္ခသည်ဦးရေမှာ ၆၄၀၅၈ ဦးရှိသဖြင့် စစ်ဘေးဒုက္ခသည်စုစုပေါင်း(၉၃၃၀၀) ဦးအထိရှိနေပြီ ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံ၏ အနာဂတ်ကြယ်ပွင့်များဟု တင်စားကြသည့် ကျောင်းသား၊ ကျောင်းသူ ၂၇၀၀၀ ဦးတို့၏ အနာဂတ်အိမ်မက်များမှာ မှုန်ရီဝေဝါးနေရသည်။

စခန်းအတွင်းရှိ ဒုက္ခသည်များအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀ နှုန်းဖြင့် အစိုးရက ထောက်ပံ့ပေးလျက်ရှိသော်လည်း လူတစ်ဦး၏ကိစ္စအဝဝအတွက် လောက်ငှမှုမရှိပေ။ ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) တို့မှာလည်း ဒုက္ခသည်များကူညီရေးအတွက် ဒေသအာဏာပိုင်များထံတွင် ခွင့်ပြုချက်အဆင့်ဆင့်ယူကာ အကန့်အသတ်ဖြင့် လှူဒါန်းနေကြရသည်။

ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းအချို့ကလည်း ဒုက္ခသည်များကူညီရေးအတွက် အလှူငွေလှည့်လည်ကောက်ခံရန် အာဏာပိုင်များထံတွင် ခွင့်ပြုချက်တောင်းခံရသည့် အချိန်ကာလကြာမြင့်ခြင်း၊ ရရှိလာသည့် အလှူငွေများနှင့်ပစ္စည်းများကို အာဏာပိုင်များက ပြန်လည်စီစစ်ခြင်းတို့ကြောင့် အချိန်ကြန့်ကြာမှုများရှိနေသည်။

ရခိုင်ပြည်သူများကို တာဝန်ယူထားသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်ဘေးဒုက္ခသည်များကို “မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေး”ဟု ကြွေးကြော်ခဲ့သော်လည်း စစ်ဘေးဒုက္ခသည်များအတွက် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော် စသည့်မြို့နယ်များတွင် အစိုးရက တည်ဆောက်ပေးနေသည့် ဒုက္ခသည်စခန်း ၇ ခုတွင် ယခုအချိန်ထိ ဒုက္ခသည်များကို ထားရှိနိုင်ခြင်း မရှိသေးသည်မှာ အစိုးရ၏ လုပ်နိုင်စွမ်းအားကို သံသယဝင်စရာပင် ဖြစ်သည်။

ထို့ပြင် မြို့နယ် ၄ မြို့နယ်အတွင်း အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခံထားရသည်မှာလည်း ဒေသခံပြည်သူတို့၏ ဒုက္ခဆင်းရဲကို မတွေ့မြင်နိုင်ပဲ ဒုက္ခသည်များကို ကူညီပေးရေးအပိုင်းတွင်ပါ အဟန့်အတားတစ်ခုဖြစ်နေပေသည်။ ၎င်းအင်တာနက်သုံးစွဲခွင့်ကို ပြန်လည်ခွင့်ပြုပေးပါက ဒုက္ခသည်များ၏ အခက်အခဲကို အချိန်နှင့်တပြေး ညီသိရှိခွင့်ရကာ အကူအညီပေးမည့်သူများအနေဖြင့်လည်း လိုအပ်ချက်များကို ထိထိမိမိနှင့် ကူညီဆောင်ရွက် ပေးနိုင်လိမ့်မည်။

ယခုအခါ ဆောင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် စစ်ဘေးဒုက္ခသည်များတွင် အနွေးထည်၊ စောင်နှင့် အမိုးအကာများ လိုအပ်လာနေပြီဖြစ်ကာ ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများအတွက် ရေတို၊  ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်ရန်လိုအပ်သည်။

လက်ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအပေါ် ကန့်သတ်ထားမှုများကို လျော့ချရန် ပထမဦးစားပေးလုပ်ဆောင်သင့်ပြီး ဒုက္ခသည်များ၏ ရေရှည်အသက်ရှင်နေထိုင်ရေးအတွက်ကိုမူ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဖက်အဖွဲ့ အစည်းများနှင့် ဝိုင်းဝန်းလုပ်ဆောင်ကြရန်လိုသည်။

တစ်ဖက်တွင်လည်း ပွင့်လင်းရာသီရောက်ရှိလာသဖြင့် တပ်မတော်ဘက်က ရခိုင်ပြည်နယ် နေရာအများအပြားတွင် စစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။ ရက္ခိုင့်တပ်မတော်(AA) ဖက်ကလည်း တပ်မတော်စစ်ကြောင်းအချို့ကို လက်ဦးမှုရယူတိုက်မှုများရှိနေသည်။

ယင်းအကြောင်းအရင်းများကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲနယ်မြေမှာ ယခုထက် ပိုမိုကျယ်ပြန့်လာနိုင်ပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များမှာလည်း ပိုမိုများပြားလာနိုင်ဖွယ်ရှိနေသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေမှုသည် နိုင်ငံရေးအရ ဖြစ်ပွားနေခြင်းသာဖြစ်၍ တိုက်ပွဲကြားက မြေစာပင် အရပ်သားပြည်သူများကို ငဲ့ညှာသည့်အနေဖြင့် အစိုးရအပါအဝင် တပ်မတော်နှင့် AA တို့က တိုက်ပွဲများကိုရပ်တန့်ကာ နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် DMG က တိုက်တွန်းလိုက်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...