ICJ တွင်အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်မှာ ပထမဆုံးအကြိမ်ထောက်ခံပွဲပြုလုပ်

ICJ တွင်အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်မှာ ပထမဆုံးအကြိမ်ထောက်ခံပွဲပြုလုပ်
ဓာတ်ပုံများ - ဦးခင်ရီ
ဓာတ်ပုံများ - ဦးခင်ရီ

ခိုင်မင်း — ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်အရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် အမှုဖွင့်ခံထားရမှုကို သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရမ်းဗြဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ကာ လူပေါင်း (၈၀)ခန့်က ထောက်ခံကြောင်း ပြသလိုက်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် အမှုရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရမ်းဗြဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ပြီး ရမ်းဗြဲမြို့၊ အောင်စေတီ ဘုရားဝင်းတွင် ဒီဇင်ဘာလ ၄ ရက်  နံနက် ၈ နာရီအချိန်က ထောက်ခံပွဲ ကျင်းပခဲ့သည်။

ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ကြံစည်သည်ဟု စွပ်စွဲချက်များဖြင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့်ထားသည်။

ထိုအမှုကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမည်ဖြစ်သောကြောင့် ထောက်ခံပွဲပြု လုပ်ရ ခြင်းဟု NLD မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးခင်ရီက ပြောသည်။

“ အဲဒီနိုင်ငံတကာတရားရုံး ICJ ကို မြန်မာနိုင်ငံကိုယ်စားပြု ရင်ဆိုင်ဖြေရှင်းဖို့သွားမယ့် ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ကျွန်တော်တို့ခေါင်းဆောင်နဲ့အတူ ကမ္ဘာ့အလယ်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒီနိုင်ငံသားတွေက သူတို့ခေါင်းဆောင်ကို ထောက်ခံတယ်၊ အားပေးတယ်၊ ခေါင်းဆောင်နဲ့ အတူရပ်တည်တယ်ဆိုတဲ့ ပုံရိပ်လည်း မြင်စေချင်လို့ ကျွန်တော်တို့က အဲဒီလိုထောက်ခံပွဲလေး လုပ်ပေးတာပါ” ဟု ၎င်းက ဆိုသည်။

ယင်းထောက်ခံပွဲတွင် WE STAND WITH OUR STATE COUNSELLOR၊ WE STAND WITH LEADER၊ WE STAND WITH JUSTICE ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ ပါတီဝင်များနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၈၀)ဦး ခန့်က ကြွေးကြော်ထောက်ခံခဲ့ကြသည်။

မြန်မာ့တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်( AA)ကမူ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် အမှုဖွင့်တိုင်ကြားထားမှုကို ထောက်ခံထားသည်။ ပြစ်မှုကျူးလွန်သူနေသူများကို အပြစ်ပေးအရေးယူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

ICJ တွင် တရားစွဲဆိုခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဦးဆောင်ကာ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထုလူတန်းစားအသီးသီးက ထောက်ခံမှုပြုလုပ်နေသည်ကို ဝမ်းသာကြောင်းနှင့် ယခုကိစ္စသည် နိုင်ငံအရေးကိစ္စ၊ နိုင်ငံအကျိုးစီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီသွေးစည်းကြစို့ ” ဆိုသည့်အတိုင်း ပြည်သူသူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွှတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည်ဟုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံ နှင့် ဂမ်ဘီယာနိုင်ငံတို့မှ နှုတ်ဖြင့်လျှောက်လဲချက်တင်သွင်းရန် ICJ က အချိန်ဇယားသတ်မှတ်ထားသည်။

ထိုသို့ တရားစွဲဆိုမှုကို တုန့်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင်ရှေ့နေကြီးများကို ငှားရမ်းထားပြီးဖြစ်ကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...