အင်အား ၁၀၀ နီးပါးခန့်ပါ၀င်သော ဆန္ဒဖော်ထုတ်သူများသည် ယနေ့နံနက်ပိုင်း ၁၁ နာရီတွင် ပလက်ဝမြို့ ရိက္ခာရပ်ကွက်မှစတင်ပြီး “ ပလက်ဝခရိုင်ဖွဲ့စည်းပေးရေးတို့အရေး၊ ပလက်ဝ ခရိုင်ချက်ချင်းပေး၊ ဘက်လိုက်ဖိအားပေးမှုအလိုမရှိ၊ လူထုဆန္ဒအောင်ရမည်’’ စသည့် စာတန်းများကိုင်ဆောင်ကာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
အစကနဦးတွင် ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီ ၉ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဇိုဘွေ့နှင့် စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ဇန်နဝါရီ ၈ ရက်နေ့က ပလက်ဝမြို့သို့သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့်တွေ့ ဆုံရှင်းလင်းပွဲပြု လုပ်ကာ ဆန္ဒဖော်ပြထုတ်မှုများမလုပ်ရန် ပြောဆိုခဲ့ကြသော်လည်း ခရိုင်ရရှိရေး နှင့်ပတ်သက်ပြီး ၎င်းတို့ထံမှ တိကျခိုင်မာသော ကတိ်စကားများမကြားရသည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ် သည်ဟု ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သော ပလက်ဝခရိုင်ရရှိရေးကော်မတီအတွင်းရေးမှူး ဦးပြေယိုးကပြောသည်။
“သူတို့ပြောတာကတော့ ချင်းပြည်နယ်မှာ တောင်ပိုင်းကို ၃ ခရိုင်၊ မြောက်ပိုင်းကို ၃ ခရိုင်အားလုံးပေါင်း ၆ ခရိုင်ပေါ့၊ နောက်မြို့နယ်လည်း ပလက်ဝမှာ ဆမီး၊ မတူပီမှာ ရေဇွာ၊ ဖလမ်းမှာ ရိခေါဒါရ်း အဲဒါတွေလုပ်ပေးမယ်ပေါ့လေပြောတဲ့ခါကျ တော့ ခများတို့ဆုံးဖြတ်ချက်ရှိ သလား အစီစဉ်ကဘယ်လိုလဲဆိုတော့ သူတို့က ရေရေရာရာမပြောနိုင်ဘူးလေ၊ လောလော ဆယ်တော့ မတူပီကို ခရိုင်ပေးမယ်၊ ပြီးမှ တီးတိန်ကို ပေးမှာပေါ့လေ၊ အဲဒါပြီးမှ ပလက်ဝကို ကုလားတန်စီမံကိန်းပြီးမှ အလိုလိုနဲ့ရမယ်ဆိုပြီးပြောတဲ့အခါကျတော့ ရှင်းရှင်းပြောရရင် ကျနော်တို့ကကျေနပ်မှုမရှိနိုင်ဘူး ပေါ့ သူတို့ပြောတဲ့ဟာက’’ ဟု ဦးပြေယိုးက ပြောသည်။
ချင်းပြည်နယ် တောင်ဘက်အစွန်ဆုံးဒေသတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ပလက်ဝမြို့နယ်သည် ယခုလက်ရှိတွင် မင်းတပ်ခရိုင်လက်အောက်တွင်တည်ရှိပြီး ယခင်အစိုးရလက်ထက်ကတည်းက ခရိုင်အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ဦးဟုန်းငိုင်းအစိုးရက မတူပီမြို့နယ်ကို ခရိုင်အဆင့် တိုးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ခရိုင်မရှိတဲ့အတွက်ကြောင့်မို့လို တရားစီရင်ရေးမှာဆိုရင် စစ်တွေဘက်ကနေပြီး ကျနော်တို့ကို လာလာပြီးတော့ စီရင်ချက်တွေလုပ်နေ ရတာပေါ့လေ၊ အမှုသေးလေးတွေဆိုရင် မြို့နယ်မှာရတာပေါ့ ဒါပေမယ့် အမှုကြီးတွေဆိုရင် ကျနော်တို့တွက် အင်မတန်ခက်ပါတယ်၊ ခရိုင်ကိစ္စအနေနဲ့ပတ်သက်ပြီး မင်းတပ်ကို သွားတဲ့ခါမှာလည်း မန္တလေးကနေပတ်ပြီးမှ သွားရတာဆိုတော့ အင်မတန်မှအခက်ခဲရှိပါတယ်’’ ဟု ဦးပြေယိုးကပြောသည်။
ပလက်ဝခရိုင်ရရှိရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း ပလက်ဝမြို့တွင် ဆန္ဒဖော်ထုတ် ခဲ့ကြပြီးဖြစ်သည်။







