ရခိုင်တွင် AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်ရှိ

ရခိုင်တွင် AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်ရှိ

ခိုင်ရိုးလ — ခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး တရားစွဲဆိုခံရသူ ၅၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားသည်။



လက်ရှိ တရားရုံးများတွင် တရားစွဲဆိုထားသည့် အမှုပေါင်း(၄၈)မှုရှိကာ (တရားရင်ဆိုင်နေရသူနှင့် ဖမ်းဆီးရမိခြင်းမရှိ၍ တရားရုံးမတင်ပို့နိုင်သေးသူ) စွပ်စွဲခံရသူပေါင်း ၅၀၃ ဦးရှိသည်။ ထို့ပြင် တရားရင်ဆိုင်ပြီး လွတ်မြောက်သူ (၁၀)ဦးရှိကြောင်း ၎င်းစာရင်းအရ သိရသည်။



“အခုကောက်ထားတာမှာ ရဲစခန်းမှာ ဖမ်းဆီးခံထားရသူတွေမပါဘူး။ အကုန်လုံးက တရားရုံးမှာ တရားစွဲခံရပြီးမှပဲ ကျနော်တို့ကောက်တာ။ ရဲစခန်းမှာဖမ်းပြီးမှပဲ လွတ်သွားတဲ့သူတွေရှိမယ်။ နောက်စစ်တပ်က ဖမ်းဆီးလို့သော်လည်းကောင်း၊ ခေါ်ယူစစ်ဆေးမေးမြန်းလို့သော်လည်း လွတ်သွားတဲ့သူတွေရှိတယ်။ အဲဒါလည်းကျနော်တို့ ထည့်တွက်ထားတာမရှိဘူး။ တရားရုံးမှာ တရားစွဲတင်ထားတာကိုပဲ ကျနော်တို့ ကောက်ယူထားတာဖြစ်ပါတယ်” ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက ပြောသည်။



ယခုစာရင်းအား ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီလ ၂၀ ရက်နေ့မှ နိုဝင်ဘာလအထိကို ကောက်ယူထားခြင်းဖြစ်ကာ အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ၊ ကာယကံရှင်မိသားစုဝင်များနှင့် မီဒီယာများမှ ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။



ထိုသို့ တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်မှာ ရခိုင်ပြည်နယ်အတွင်းက စာရင်းများသာပါဝင်ပြီး တခြားပြည်နယ်နှင့်တိုင်းများမှ သတင်းအချက်အလက်ရရှိရန် ခက်ခဲသဖြင့် ပါဝင်ခြင်းမရှိသေးပေ။



“ကျနော်တို့က တခြားပြည်နယ်နဲ့တိုင်းတွေကို ကောက်ခံဖို့အတွက်ကျတော့ နည်းနည်း လက်လှမ်းမမှီတာရှိတယ်။ ကိုယ်လက်လှမ်းမီတဲ့အပိုင်းကိုပဲ အဓိကထား ကောက်လိုက်တာဖြစ်တယ်” ဟု ဦးမျိုးမြတ်ဟိန်းက ဆိုသည်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့သည် ဆင်းရဲနွမ်းပါးပြီး ရှေ့နေမငှားရမ်းနိုင်သည့်သူများကို အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့အစည်းတစ်ခုဖြစ်သည်။



ရခိုင်ပြည်နယ်အတွင်း ပြည်သူများသံယဖြင့် တရားစွဲဆိုမှုများလျှော့ကျလာစေရန်၊ တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက်မှုများနည်းလာစေရန်နှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေအရ ပြည်သူများခံစားခွင့်ရရှိရန် ရည်ရွယ်ချက်များဖြင့် ယခုစာရင်းကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။



AA နှင့်ဆပ်စပ်သည့်သံသယဖြင့် ယခုကဲ့သို့ ရခိုင်လူငယ်များအားဖမ်းဆီးနေခြင်းသည် လူမျိုးရေးအရ နှိပ်ကွပ်နေခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။



“အခုကတော့ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ကတော့ ကျနော်တို့ရခိုင်လူငယ်တွေကို ရခိုင်ပြည်ထဲမှာတင်မကဘူး။ မြန်မာပြည်အနှံ့၊ နောက်နိုင်ငံတကာရောက် ရခိုင်လူငယ်တွေကအစ သူတို့ကလိုက်ပြီးတော့ နှိပ်ကွပ်နေတာ။ တစ်ခုမဟုတ်တစ်ခု ပုဒ်မမျိုးစုံတပ်ပြီးတော့မှ ရခိုင်လူငယ်တွေကို နှိပ်ကွပ်နေတာဖြစ်တယ်။ ဒါဟာ လူမျိုးရေး အရနှိပ်ကွပ်နေတာလို့ပဲ ကျနော်တို့ဘက်ကခံယူတယ်။ ဒီလိုကိစ္စမျိုးကို ကျနော်တို့ဘက်တော့ ခေါင်းငုံ့ခံနေမှာတော့မဟုတ်ဘူး၊ လိုအပ်သလိုတုန့်ပြန်သွားမှာဖြစ်တယ်” ဟု ခိုင်သုခက ဆိုသည်။



ယခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၁၇ ဦးထက်မနည်းရှိခဲ့သည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...