မြတ်ဝင်းကျော် — အပြည်ပြည်ဆိုင်တရားရုံး ICJ ၌ တရားစွဲဆိုထားသည့်ကိစ္စသည် နိုင်ငံရေးနှင့် နိုင်ငံ့အကျိုးစီးပွားဖြစ်၍ “အရေးကြီးပြီ သွေးစည်းကြစို့” ဟု နိုဝင်ဘာ ၂၇ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားသည်။
ထိုသို့ တရားစွဲဆိုထားသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည် ဖြစ်သည်။
ယခု အမှုကိုရင်ဆိုင်ရာတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်းထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာကသိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။
မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ်” အား လက်ခံအတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဖွဲ့ဝင်ဖြစ်သည်။







