အဆိုပါ နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေရသော ဆရာ၊ ဆရာမများ၏ စာဝတ်နေရေးနှင့် သွားလာရေးအခြေအနေများအတွက် လုံခြံုရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်က ရန်ကုန်မြို့တော် ခန်းမအနီး ဗန္ဓုလပန်းခြံရှေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှဦးဆောင်ပြီး ဖားကန့်ဒေသတွင် အလယ်တန်းပြကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အတွက် တရားမျှတမှုထုတ်ဖော်ပွဲတွင် မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
"အခု ဆရာဦးအောင်ဇင်ထွန်း ဖြစ်သွားတဲ့ကိစ္စက သက်သေထူနေပါတယ်။ အဓိက ဘာဖြစ်နေလဲဆိုတော့ အပိုင်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ဒီနယ်စပ်ဒေသတွေမှာ ပညာရေးလိုအပ်ချက်တွေ အရမ်းကြီးမားတယ်။ အဲ့ဒီအပေါ်မှာ နိုင်ငံတော်က မူဝါဒအရ ဆရာ၊ဆရာမတွေကို တာဝန်ချတယ်။ ဒါကမှားလားဆိုတော့ မမှားဘူး။ သို့သော် တစ်ဖက်ကတော့ ဘာတော့လိုလည်းဆိုတော့ ဆရာ၊ဆရာမတွေရဲ့လုံခြံုရေးကို အခုထက်ပိုပြီး အစီအမံတွေကိုတော့ တိုးမြှင့်လုပ်ဆောင်ပေးဖို့လိုနေပြီ။ "ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဆိုသည်။
နယ်စပ်ဒေသများတွင်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၏ အခြေအနေနှင့် ပတ်သက်၍အဆိုပါ တရားမျှတမှုထုတ်ဖော်ပွဲကို လာရောက်ခဲ့သော ဆရာမ ဒေါ်ပွင့်ဖြူဖြူမြင့်ကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ပြောဆိုခဲ့သည်။
"နယ်စပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေက အများကြီး သူတို့က သက်စွန့်ကြိုးပမ်းဆောင်ရွက်နေတာပါ။ တကယ့်တကယ် ဒီလိုမျိုးဖြစ်ခဲ့ရင်လည်း ညီမတို့မှာ ဘာမှ အာမခံချက်လည်းမရှိဘူး။ အခုလိုဆိုရင် လူကြီးတွေက ဘယ်လိုပြောရမလဲ နစ်နာကြေးအနေနဲ့ပေါ့နော်။ သုံးသိန်းပေါ့ အဲ့ဒီလိုမျိုး ထောက်ပံ့ငွေပေးတယ်။ ညီမအနေနဲ့ဆိုရင် ညီမသာအဲ့ဒီလိုဖြစ်သွားခဲ့ရင် အဲ့ဒီပိုက်ဆံကို လုံးဝမလိုချင်ပါဘူး။ မရှိရင်မြေကြီးထဲကို ဒီအတိုင်းမြှုပ်ခဲ့ပါ ရပါတယ်။ တရားဥပဒေစိုးမိုးရေးအပိုင်းကတော့ အများကြီးလိုအပ်ချက်တွေ ရှိနေသေးတယ် လို့ထင်တယ်။ "ဟု ဆရာမ ဒေါ်ပွင့်ဖြူဖြူမြင့်က ပြောသည်။
ဖားကန့်ဒေသ၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းအတွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၇ နှစ်အရွယ် အလယ် တန်းပြ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းမှာ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၈ နာရီ၊ ၄၅ မိနစ်ခန့်တွင် ကျောင်းသားများ စုပေါင်း တန်းစီနေချိန် ကျောင်းဝန်းအတွင်းသို့ အမည်မသိ အမျိုးသားသုံးဦးက ၎င်းတို့လူကြီးခေါ်ခိုင်း၍ ဟုဆိုကာ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
နံနက် ၁ဝ နာရီခွဲခန့်တွင် မလန်းကျေးရွာနှင့် ဂျာရာယန်သွားလမ်း စွန့်ပစ်မြေစာပုံအဟောင်းအနီး၌ ကျောင်း ဆရာ ဦးအောင်ဇင်ထွန်းကို ဝဲဖက်နားအထက် ကျည်ဖောက်ဝင်ရာ တစ်ချက်၊ ဝဲချိုစောင်း ကျည်ဖောက်ဝင်ရာ တစ်ချက်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည်ပိုင်းမှစကာ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းအတွင်း ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းအပါအဝင် အင်အား ၄၅ ယောက်ဖြင့် လုံခြံုရေးယူထားပြီး ကျောင်း၏ အပြင်ဘက် တွင်လည်း တပ်မတော်မှ လှည့်ကင်းချထားပေးကြောင်း ဖားကန့် မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဦး၏ ပြောပြချက်အရ သိရသည်။







