သမိုင်းဝင်ခဲ့တဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်

သမိုင်းဝင်ခဲ့တဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်

ခရစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ ဂျပ်ဆင်ကောလိပ်ကျောင်းသားတွေက အင်္ဂလိပ်နယ်ချဲ့တို့ရဲ့ ကိုလိုနီကျွန်ပညာရေးစနစ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။

အခုလို သပိတ်မှောက်လိုက်ခြင်းဟာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေရဲ့လက်အောက် ကျွန်ဘဝရောက်နေတာကနေ ပြန်လည် လွတ်မြောက်ဖို့အတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်တဲ့ တာထွက်တိုက်ပွဲပဲ ဖြစ်ပါတယ်။

အဲ့ဒီသပိတ်ကြီးကနေတစ်ဆင့်၊ တဖွားဖွားပေါ်ထွက်လာတဲ့ အမျိုးသားစိတ်ဓါတ်နဲ့ လူထု စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဆင်နွဲခဲ့ကြပါတော့တယ်။ အဲ့ဒီနောက် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ ဒီကျောင်းသားသပိတ် စတင်ခဲ့တဲ့နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့လို့ သတ်မှတ်ခဲ့တာပါ။

အဲ့ဒီနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ဖို့အတွက် ၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာ ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပချိန်မှာ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ တချို့က သီပေါမင်းပါတော်မူသွားတဲ့ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို သတ်မှတ်ဖို့၊ ဒါမှမဟုတ် ဦးဥတ္တမအဖမ်းခံရတဲ့နေ့ကို ရွေးဖို့ တင်ပြခဲ့ကြပါတယ်။

အဲ့ဒီညီလာခံကို ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဦးမြင့်က ထီးနန်းကျတဲ့နေ့ နဲ့ အဖမ်းခံရတဲ့နေ့ဆိုတာ မင်္ဂလာမရှိကြောင်း၊ နယ်ချဲ့ကိုလိုနီအင်္ဂလိပ်တွေကို ကျောင်းသားတွေ ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့တဲ့နေ့ကို သတ်မှတ်သင့်ကြောင်း အကြံပြုဆွေးနွေးတင်ပြခဲ့တာပါ။

ဒီလို သပိတ်မှောက်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ဒုတိယဘုရင်ခံဖြစ်တဲ့ ဆာရယ်ဂျီနယ်ကရက်ဒေါက်က အတည်ပြုလိုက်တဲ့ ယူနီဘာစီတီ အက်ဥပဒေကို မကြေနပ်ကြလို့ပါပဲ။

ဒီအက်ဥပဒေဟာ အင်္ဂလိပ်အစိုးရက သူတို့ရဲ့ နယ်ချဲ့ရာမှာ အကောင်းဆုံးသောလက်နက်ဖြစ်တဲ့ ပညာရေးစနစ်သစ်ကို ဖော်ဆောင်ရေးဆွဲထားတာပါ။

ဒီဥပဒေထဲမှာ

(၁) မြန်မာပြည်မှာတက္ကသိုလ်တစ်ခုထဲရှိရမယ်။ တက္ကသိုလ်အောက်မှာ ကောလိပ်ကျောင်းတစ်ကျောင်းပဲ ရှိရမယ်။

(၂)ကောလိပ်ကျောင်းမှာ ပညာသင်ကြားချင်တယ် ဆိုရင် ကျောင်းအိပ်ကျောင်းစားနေရမယ်။

(၃) တက္ကသိုလ်ဝင်စာမေးပွဲ မရှိတော့ပဲ အစိုးရကပြုလုပ်တဲ့ ဟိုက်စကူးဖိုင်နယ်လို့ခေါ်တဲ့ ဆယ်တန်းစာမေးပွဲကို အောင်ကိုအောင်ရမယ်။ နောက်ပြီး အင်္ဂလိပ်ဘာသာနဲ့ တခြားဘာသာတစ်ခုခုမှာ ထူးချွန်စွာ တတ်မြောက်အောင်မြင်မှသာ တက္ကသိုလ်ဝင်ခွင့်ရမှာဖြစ်တယ်။

(၄)ဂုဏ်ထူးနဲ့ ဝိဇ္ဇာဘွဲ့တန်းမှာ တစ်ခါဖြေလို့ မအောင်ဘူးဆိုရင် နောက်နောင် ဖြေဆိုခွင့်မရှိပါဘူး။

(၅) ဟိုက်စကူးဖိုင်နယ် အောင်လို့ တက္ကသိုလ်ဝင်ခွင့်ရရင်တောင်၊ တက္ကသိုလ်ပညာရပ်ကို ကောင်းစွာ လိုက်နာသင်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုအတန်းမှာ တစ်နှစ်နေရပါမယ်။

(၆)ကြိုတင်ပြင်ဆင်မှုအတန်းမှာ တစ်နှစ်နေပြီး နှစ်ကုန်လို့ တက္ကသိုလ်ပညာ သင်ယူဖို့ အရည်အချင်းမရှိသေးဘူးဆိုရင် တက္ကသိုလ်တက်ခွင့် မရှိပါဘူး။ စတဲ့အချက်တွေပါဝင်ပြီး ဒီအချက်တွေဟာ ဆင်းရဲသားတွေအတွက် အဟန့်အတားဖြစ်နေပြီး၊ ငွေရှင်ကျေးရှင်နဲ့ ဗြူရိုကရက်အရာရှိတို့ရဲ့ အဆက်အနွယ်တွေအတွက်သာ အကျိုးဖြစ်စေတယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါ့ကြောင့် မြန်မာလူငယ်တွေကို ကျွန်ပညာသင်ပေးမဲ့ ဒီအက်ဥဒေကို စတင်သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မမေ့သင့်ပါကြောင်း ရေးသားအပ်ပါတယ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...