ကမ်းလွန် ထောက်ပံ့ရေး စီမံကိန်းကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းရဖွယ်ရှိ

ကမ်းလွန် ထောက်ပံ့ရေး စီမံကိန်းကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းရဖွယ်ရှိ

မွန်ပြည်နယ် ရေးမြို့ နယ် တွင် အကောင်အထည်ဖော်မည့် ကမ်းလွန် ထောက်ပံ့ရေး စခန်း စီမံကိန်းကြောင့် ကျေးရွာလုံးကျွတ်ပြောင်းရွှေ့ရမည့် အနေအထားရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် အံဒင်းကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းစီမံကိန်းကို ဒေသခံမျာက လက်မခံပဲ ကန့်ကွက်ကြသည်။

Forever Thanlwin Co., Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆိုပါ ကမ်းလွန်ထောက်ပံ့ရေးစခန်း (Offshore Supply Base) စီမံကိန်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝ အသက်မွေးဝမ်းကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့်အတွက် စီမံကိန်းကို လက်မခံပဲ ကန့်ကွက်ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

“ဒီစီမံကိန်းကို ကျမတို့ အရင်ကတည်းက ကန့်ကွက်ထားတယ်၊ ၂၀၁၇ ခုနှစ်ကတည်းက ကုမ္ပဏီက သူတို့ ဝယ်ထားတဲ့ မြေတွေကို အခြားနည်းအသုံးပြုခွင့်လျှောက်စဉ်ကတည်းက ကျမတို့ ကန့်ကွက်ထားတယ်၊ ကြားမှာလဲ ကုမ္ပဏီကလူတွေ ကျမတို့ ဒေသကို လာနေတာတွေရှိတယ်။ ဒေသခံတွေက လက်မခံတဲ့အတွက် ပြန်သွားရတယ် အခုလည်း လူထုတွေ့ဆုံပွဲလုပ်ဖို့အတွက် စီစဉ်နေတာကို ကျမတို့ ဒေသခံတွေ ကန့်ကွက်ကြပါတယ်” ဟု အံဒင်းလူငယ်အဖွဲ့မှ မိသီရိဦး က ပြောသည်။

အကောင်အထည်ဖော်မည့် စီမံကိန်းပုံစံအရ ရွာသစ်ဓမင်းဆိပ်ကျေးရွာတစ်ခုလုံး ပြောင်းရွှေ့ရမည့်အနေအထားရှိကြောင်း ရွာသစ်ဓမင်းဆိပ်ရွာတွင် အိမ်ခြေ ၂၁၀ ခန့်ရှိပြီး လူဦးရေ ၁၄၀၀ ကျော်ရှိကာ လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုကြကြောင်း မိသိရိဦး က ဆက်ပြောသည်။

အဆိုပါ စီမံကိန်းဖြစ်ပေါ်လာပါက ငါးရှာခွင့်မရတော့ခြင်း၊ လှေငယ်များသွားလာခွင့်မရတော့ခြင်းကြောင့် လူမှုစီးပွားကို ထိခိုက်နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်လာမည်ကို ဒေသခံများ က စိုးရိမ်သည့်အတွက် စီမံကိန်းကို ကန့်ကွက်ကြခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က စီမံကိန်းနှင့် ပတ်သက်၍ Environmental Impact Assessment (EIA) ဆောင်ရွက်အတွက် Third Party ဖြစ်သော See Trust Co., Ltd. နှင့် Forever Thanlwin Co., Ltd. တို့မှ အများပြည်သူတို့အား ချပြဆွေးနွေးမည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားပါက မည်သူမဆို တက်ရောက်နိုင်ကြောင်း ကုမ္ပဏီဘက်က နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

ဒေသခံတို့မှ အဆိုပါ ချပြဆွေးနွေးပွဲကို အသိအမှတ်မပြုကြောင်း ကြေညာချက်ထုတ် ကန့်ကွက်ထားသည့်အပြင် ကမ်းလွန်ထောက်ပံ့ရေး အလိုမရှိစာသားပါ စာစောင်များ ကိုယ်စီ ကိုင်ဆောင်ပြီး လမ်းပေါ်ထွက် စောင့်ဆိုင်း ကန့်ကွက်ကြသည့်အတွက် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် EIA ဆွေးနွေးပွဲသည်လည်း ပျက်ပြားသွားခဲ့သည်။

အံဒင်းကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းနှင့် ပတ်သက်၍ Forever Thanlwin ကုမ္ပဏီကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၌မရရှိပေ။

“ကျနော်တို့ ဒေသမှာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကလည်း မပြီးပြတ်သေးတဲ့အနေအထားမှာ အခု ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းဝင်လာတော့ ဒေသခံတွေအနေနဲ့က စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို လက်မခံကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အံဒင်းကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာအနီး မြေ ၆၈ ဧကကျော်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းအတွက် Forever Thanlwin Co., Ltd. မှ အမေရိကန်ဒေါ်လာ ၆၃ မီလီယံ ကနဦး ရင်းနှီးမြှပ်နှံရန်ရှိသည်ဟု စီမံကိန်းအစီရင်ခံစာအရ သိရသည်။

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...