၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိ

၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိ
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)

အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ဆွတ်ခူးရရှိခဲ့ကြောင်း ဆု ရန်ပုံငွေအဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ၇ ဦးမြောက် သမ္မတ ရေမွန်မက်ဂ်ဆေးဆေး၏ ၁၁၉ နှစ်မြောက် မွေးနေ့နှင့် တိုက်ဆိုင်စွာ မနီလာမြို့မှ တိုက်ရိုက်ထုတ်လွှင့် ကြေညာခဲ့သည့် ယခုနှစ် ဆုရရှိသူ ၃ ဦး၏ စာရင်းတွင် မြန်မာနိုင်ငံမှ ဦးဘိုကြည် အပါအဝင် စင်ကာပူနိုင်ငံမှ Tommy Koh နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Runa Khan တို့ ပါဝင်ကြသည်။

၁၉၅၈ ခုနှစ်မှစတင်၍ ပေးအပ်ခဲ့သည့် အဆိုပါဆုသည် အများပြည်သူအကျိုးအတွက် ရိုးသားဖြောင့်မတ်စွာ သတ္တိရှိရှိ ပေးဆပ်ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အသိအမှတ်ပြု ချီးမြှင့်သည့် အာရှ၏ အမြင့်ဆုံးဂုဏ်ပြုဆု ဖြစ်ပါသည်။

ဦးဘိုကြည်က “AAPP အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီအဖွဲ့ရဲ့ ပူးတွဲတည်ထောင် သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၆ နှစ်လုံးလုံး ကျနော်နဲ့အတူ ဆက်လက်လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ကိုတိတ်နိုင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ သူတို့သာ မရှိခဲ့ရင် အခုလိုဆုမျိုး ရရှိဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါ ဘူး။ ဒီဆုဟာ ကျနော်တစ်ယောက်တည်း အတွက် မဟုတ်ဘဲ AAPP အဖွဲ့ဝင်များအားလုံးနဲ့ သက်ဆိုင်တဲ့ ဆု ဖြစ်ပါတယ်” ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ကျေးဇူးတင်စကား ပြောဆိုထားသည်။

ဆုရရှိသူ ဦးဘိုကြည်သည် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၌ ကျောင်းပြီးခါနီးအချိန်တွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၌ ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် စုစုပေါင်း ၇ နှစ် ကျခံခဲ့ရ သူ ဖြစ်သည်။

ထောင်ဒဏ်ကျခံနေရသည့် ခက်ခဲဆိုးရွားသော အခြေအနေများကြားမှ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် အုတ်နီခဲ စဖြင့် ရေးသား၍လည်းကောင်း၊ ထောင်အစောင့်များ မသိစေရန် အဘိဓာန် စာရွက်များကို ဝါးမျိုဖျက်ဆီး၍ လည်းကောင်း အင်္ဂလိပ်စာကို တတ်မြောက်အောင် ကြိုးပမ်းခဲ့သည်။

စစ်အုပ်စုတပ်၏ သတင်းပေးအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းချက်များကိုလည်း ငြင်းပယ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ထောင်ဒဏ်ကို ဆက်လက်ရင်ဆိုင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ဒုတိယအကြိမ် ထောင်မှလွတ်မြောက်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ထွက် ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကို ပူးတွဲတည်ထောင်ခဲ့သည်။

“မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိနေသရေ့ မြန်မာနိုင်ငံသည် လွတ်လပ်မည်မဟုတ်” ဆိုသည့် မူကို ကိုင်စွဲကာ AAPP အဖွဲ့သည် စေတနာ့ဝန်ထမ်းများ၊ မိသားစုများနှင့် ရှေ့နေများ ပါဝင်သည့် ကွန်ရက်ဖြင့် မတရားဖမ်းဆီးခံရသူများနှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ပေးလျက် ရှိသည်။

လက်ရှိတွင် AAPP အဖွဲ့သည် အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် မတရားဖမ်းဆီးခံရမှုများကို ကမ္ဘာသိအောင် အဓိက မှတ်တမ်းတင် ဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။

အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ရေမွန်မက်ဂ်ဆေးဆေးဆုကို အရင်ကလည်း မြန်မာနိုင်ငံသားများ ဖြစ် ကြသည့် The Nation သတင်းစာ တည်ထောင်သူ ဦးလောရုံ (၁၉၅၉ ခုနှစ်)၊ မဲဆောက်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် (၂၀၀၂ ခုနှစ်)၊ Earth Rights International ပူးတွဲတည်ထောင်သူ ကဆောဝါ (Ka Hsaw Wa) (၂၀၀၉ ခုနှစ်)၊ ကချင်လူမှုအဖွဲ့အစည်း အကူအညီပေးရေး ဦးဆောင်သူ ဒေါ်လဖိုင် ဆန်းရော် (၂၀၁၃ ခုနှစ်)၊ နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင်သူ ဦးကျော်သူ (၂၀၁၅ ခုနှစ်) နှင့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း (၂၀၁၉ ခုနှစ်) တို့ ရရှိထားကြသည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...