ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က နယ်စပ်တိုင်းဒေသကြီးများမှ တစ်ဆင့် အင်အားအများအပြား ဖြည့်တင်းကာ မြေပြင်၊ ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် စစ်ရေးလှုပ်ရှား ချဉ်းကပ်လာနေကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်တပ်သည် မကွေး၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှတစ်ဆင့် ရခိုင်ရိုးမကို ဖြတ်ကျော်၍ ရခိုင် တောင်ပိုင်းမြို့နယ်များကို မြေပြင်ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ရေကြောင်းလှုပ်ရှားမှုများကို ပူးတွဲပြုလုပ်ကာ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်-မကွေးနယ်စပ် မင်းတုန်းမြို့နယ်ဘက်မှ စစ်တပ် အင်အား ၈၀၀ ကျော်သည် ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးနေသည့်အပြင် ပဲခူးတိုင်း ပဒါန်းလမ်းကြောင်းမှလည်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။
ထို့ပြင် ဧရာဝတီတိုင်း ရေကြည်မြို့ဘက်မှလည်း အင်အား ၆၀၀ ကျော်ဖြင့် ဂွရိုးမပေါ်သို့ ရှေ့ပြေးတပ်စခန်းများ ခိုးဝင်ရောက်ရှိနေကာ ပုသိမ်နှင့် ဝါးခယ်မမြို့များမှတစ်ဆင့် ရေလမ်းအတိုင်း သံတွဲနှင့် ဂွ ပင်လယ်ပြင်သို့ စစ်ရေ ယာဉ် (နေဗီ) ၁၃ စီးအထိ အားဖြည့်ထားသည်။
တောင်ကုတ်မြို့မှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “အေအေက ညမထွက်ရအမိန့်ထုတ်တာ အကြောင်း ရှိတယ်။ အခု နေဗီရော ကင်းထောက်လေယာဉ်တွေရော အများကြီးပဲ သံတွဲနဲ့ ဂွဘက် တက်လာတာ။ တောင် ကုတ်ရိုးပေါ်လမ်းတွေ မလုံခြုံတာတွေ သတိထားနေရတယ်။ အခု ရခိုင်တောင်ပိုင်း မြို့တွေကို ပြန်ယူတော့မယ်၊ ရတော့မယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ပေါ်တင်ပြောနေတယ်။ ညဘက် သတိထားနေရပါတယ်” ဟု ပြော သည်။
အဆိုပါ လက်နက်နှင့် အင်အား ဖြည့်တင်းမှုများကြောင့် စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲမှုနှင့် လက်နက် ကြီး ပစ်ကူများ ကျေးရွာများအတွင်း ကျရောက်မည်ကို ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြပြီး တောင်တန်း များသို့ သွားရောက်ကာ ငါးရှာ၊ ဖားရှာနှင့် တောင်ယာလုပ်ကိုင်သည့် အလုပ်များကို ရပ်တန့်ထားကြရသည်။
ထို့ပြင် ရခိုင်တောင်ပိုင်း မြို့နယ်များ၌ စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်မည်ကို ဒေသခံများ အထူးစိုးရိမ်နေကြ သည်။
မကွေး၊ ပဲခူး၊ ဧရာဝတီတို့မှ ရခိုင်ဘက်သို့ ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများ ထိန်းချုပ်ပိတ်ဆို့ခံထားရ သဖြင့် ဆန်၊ ဆီ နှင့် ဆေးဝါးအပါအဝင် အခြေခံစားသောက်ကုန်များ စျေးနှုန်းအဆမတန် မြင့်တက်လာနေသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်တပ်က ရခိုင်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတာ၊ ဗုံးကြဲနေတာတွေက စိုးရိမ်ရတာပေါ့။ အရင်ကဆို တချို့လမ်းတွေက မှောင်ခို ဆီတွေ၊ ဆန်တွေအပြင် တခြားကုန်တွေ ဝင်လာသေး တယ်။ အခုက ညမထွက်ရတော့ ဘာမှအဆင်မပြေဘူး။ ပဲခူးနဲ့ မကွေးအပြင် ဧရာဝတီကပါ အခု စစ်ကြောင်း တွေ ရှိနေတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် သံတွဲမြို့ မောင်ရွှေလေးရွာအနီး ပင်လယ်ပြင်၊ ဂွမြို့ ကမ်းခြေများနှင့် ကျိန္တလီ ကမ်းခြေအနီး တို့တွင် စစ်ရေယာဉ်များ ချထားပြီး ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများကို ဒရုန်းများ၊ ကင်းထောက်လေယာဉ် များဖြင့် စောင့်ကြည့်လျက်ရှိသည်။
ဧရာဝတီတိုင်း ရွှေသောင်ယံဘက်တွင် တပ်မ (၁၀၁) စစ်ကြောင်းသည် ရခိုင် ဂွမြို့နယ်ဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်းလည်း ဆိုသည်။
စစ်ရေးအခြေအနေများကြောင့် အာရက္ခတပ်တော် (AA) က ဂွ၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ သွားလာလှုပ်ရှားမှု မပြုလုပ်ကြရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။
ဓါတ်ပုံ - (ပုံဟောင်း / Crd)







