မဟာမြတ်မုနိဘုရားကိုယ်ပေါ်မှ မသန့်စင်ရသေးသည့် ရွှေပိသာ (၁ဝ) ကျော် ခွာယူရရှိ

မဟာမြတ်မုနိဘုရားကိုယ်ပေါ်မှ မသန့်စင်ရသေးသည့် ရွှေပိသာ (၁ဝ) ကျော် ခွာယူရရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင် မဟာမုနိဘုရားကိုယ်ပေါ်ရှိ ရွှေများအား ခွာယူမှုပြီးစီးသွားပြီးနောက် ဘုရားကိုယ်ပေါ်မှ မသန့်စင်ရသည့် ရွှေပိသာ (၁ဝ) ကျော် ခွာယူရရှိခဲ့သည်ဟု ဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက နိရဥ္စရာသို့ပြောသည်။

maha muni buddha narinjara“အားလုံးပေါင်း ၁၁ဝ၇ ကျပ် (ပိသာ “၁ဝ” ကျော်) ခွာယူရရှိပါတယ်။ ဒီရွှေတွေကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးတွေရဲ့ရှေ့မှောက်မှာ သန့်စင်သွားမှာဖြစ်ပါတယ် “ဟု ဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။

အဆိုပါရွှေများကို သန့်စင်ပြီးနောက် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည်ကို ယခုလ ၂၃ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူဆုံးဖြတ်သွားမည်ဟုလည်း သိရသည်။

မဟာမြတ်မုနိ ဆင်းတုတော်အား အနှစ်နှစ်အလလက ရွှေကပ်ပူဇော်လာကြသည့်အတွက် ဆင်းတုတော်၏ ရုပ်ဆင်းသဏ္ဍာန်ပျက်စီးယိုယွင်းပြီး ရွှေတုံးရွှေခဲကဲ့သို့ဖြစ်ပေါ်လာနေသည့်အတွက် ယခုလို ရွှေများကို ခွာယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ဆင်းတုတော်ကိုယ်ပေါ်မှ ရွှေများအား ခွာယူလိုက်ပြီးနောက် ဘုရားဂေါပကအဖွဲ့က ဇန်နဝါရီလ ၁၈ ရက် နေ့မှ စတင်ကာ ထပ်မံ ရွှေကပ်ခွင့်ပြုလိုက်ပြီဟုလည်း သိရသည်။

“ဘယ်လောက်ပင် တားမြစ်နေပေမယ့် ကပ်ချင်တဲ့သူတွေကတော့ ကပ်နေကြမှာပဲ။ မနေ့ကနဲ့ ဒီကနေ့အထိ သိန်း ၆ဝ လောက် ရွှေဆိုင်းတွေရောင်းရပါတယ်”ဟုလည်း ဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်တော်မြို့ခံ ကိုထွန်းထွန်းအောင်က “မဟာမြတ်မုနိအရှင်ဘုရားကို ပြတိုက်မှာရှိနေတဲ့ ပစ္စည်းလေးတစ်ခုထက်တန်ဘိုးထားတယ်ဆိုရင် ရှေးမူမပျက်ဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ စဉ်းစားပြီးတော့ ကျွန်တော်တို့ ရှေးမူမပျက်ဖို့ဘက်ကိုရည်ရွယ်လို့ သွားရမယ်လို့မြင်ပါတယ်။ ဆိုလိုချင်တဲ့အဓိပ္ပါယ်က ရွှေထပ်ပြီးချမယ်ဆိုရင် ရှေးမူထပ်ပြီးပျောက်လို့ ထပ်ပြီး ရွှေခွာတဲ့အလုပ်ကို လုပ်လာရမှာဖြစ်ပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ဆင်းတုတော်အား ရွှေဆက်လက်မကပ်ရန် ကျောက်တော်ဒေသခံများက ဇန်နဝါရီလ ၁၇ ရက်နေ့က အစည်းအဝေးတစ်ခုပြုလုပ်တောင်းဆိုခဲ့ကြသည့်အပြင် လာမည့်အပတ်တွင်လည်း ဆန္ဒပြ တောင်းဆိုရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...