ကရင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေဆဲ

ကရင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေဆဲ

ကရင့်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော်လည်း မြန်မာပြည်၏ အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုများမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အဖွဲ့ (KHRG) က ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၂ ခုနှစ် ပဏာမအပစ်ခတ် ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေထိုးပြီးနောက်တွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလာသော်လည်း မြန်မာပြည်၏ အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရသေးသည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် “လက်လှမ်းမမှီနိုင်သေးသော အမှန်တရားများ – မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုအပေါ် ဒေသခံများ၏ အမြင်သဘောထားများ” အမည်ရှိ အစီရင်ခံစာတွင် ပါရှိသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုခံစားနေရတဲ့သူတွေဟာ တရားမျှတမှု လက်လှမ်းမှီနိုင်ရန်အတွက် လုပ်ဆောင်ပေးတာတွေ အနည်းငယ်ပဲရှိသေးတယ်။ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက်ပါ” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ညွှန်ကြားရေးမှူး နော်ထူးထူး က ပြောသည်။

ယခင်လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများဖြစ်သည့် တရားလက်လွှတ်သတ်ဖြတ်မှုများ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအဓမ္မ ခိုင်းစေခံရမှုများနှင့် လုယက်မှုများသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု KHRG က ပြောသည်။

၎င်းအပြင် တာဝန်ရှိအာဏာပိုင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် မြေယာနှင့် သဘာဝသယံဇာတများဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပတ်သက်၍ ဒေသခံ ကရင်လူထုများ၏ အခွင့်အရေးအပေါ် ထည့်သွင်းစဉ်းစားခြင်းများ လုံးဝမရှိပေ။

လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံအသစ်များဖြစ်သည့် မြေယာသိမ်းယူမှုများ ပိုမိုများပြားလာခြင်း သဘာဝသယံဇာတအသုံးပြုခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ကရင်လူထုများ၏ အခွင့်အရေးများအပေါ် လုံးဝလေးစားမှုမရှိခြင်းဘူးဟုလည်း နော်ထူးထူး က ပြောသည်။

ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCA အား လက်မှတ်ရေးထိုင်းခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲ အချို့ ဖြစ်ပေါ်စေခဲ့သော်လည်း အတိတ်ကာလမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒေသခံများ၏ နေ့စဉ်ဘဝအား အမှတ်တကယ်ပင် သက်ရောက်မှုများ ဆက်လက်တည်ရှိနေသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ထို့အပြင် ချိုးဖောက်မှုပုံစံအသစ်များသည်လည်း ဒေသခံပြည်သူလူထုများ၏ အကျိုးစီးပွားကိုပါ ထပ်လောင်း ထိခိုက်မှုများ ရှိစေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ယခုအခါတွင် ရှေ့ ဆက်ရန်ခက်ခဲနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အသစ်ပေါ်ထွက်လာသည့် ချိုးဖောက်မှုများအပေါ် မည်သည့်အတိုင်းအထိ ဖြေရှင်းပေးနိုင်မည်ကို ရှင်းလည်းစွာ မသိရသေးပေဟုလည်း ရေးသားထားသည်။

“အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် လွတ်လပ်မျှတပြီး ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးခြင်းမရှိဘူးဆိုရင် မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့ ဆက်လုပ်ဆောင်ဖို့ အင်မတန် ခက်ခဲသွားမှာဖြစ်ပါတယ်” ဟု နော်ထူးထူး က ပြောသည်။

အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များအား ထပ်ခါတလဲလဲချိုးဖောက်မှုများရှိခြင်း စစ်ဘက်ဆိုင်ရာ တိုးချဲ့ လုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်နေခြင်း ကရင်အမျိုးသားလွတ်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ပစ်ခတ်နေမှုများရှိနေခြင်းအပြင် မြန်မာစစ်တပ်၏ မြေယာသိမ်းယူမှုများနှင့် ဒေသခံများ၏ ဓလေ့ထုံးတမ်းမြေယာများအား စစ်တပ်၏ အကျိုးအတွက် အသုံးပြုနေမှုတို့ကြောင့် ဒေသခံလူထုများကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ယုံကြည်မှုပျက်ပြားစေသည်ဟုလည်း KHRG က ထောက်ပြထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်လိုက်သည့် အခန်း (၃) ခန်းပါပြီး စာမျက်နှာပေါင်း ၁၂၀ ကျော်ပါသည့် အဆိုပါ အစီရင်ခံစာသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တရားမျှတမှု လက်လှမ်းမှီနိုင်မှုပေါ် ဒေသခံရွာသားပေါင်း ၉၅ ဦးတို့၏ အမြင်သဘောထားများ တင်ပြထားခြင်း ဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...