၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများက ပြင်ဆင်မှုများ စတင်လုပ်ဆောင် နေကြရာ နယ်မြေမတည်ငြိမ်မှုများ၊ စစ်ရေးပဋိပက္ခများ၊ စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ဖြစ်ပွား နေသေးသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အခြားသော ပြည်နယ်နှင့် တိုင်းများနှင့် မတူသည့် စိန်ခေါ်မှုများ အများအပြားရှိနေသည်ဟု သက်ဆိုင်ရာ တိုင်းရင်း သားနိုင်ငံရေးပါတီများက ပြောဆိုထားကြသည်။
ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိပါက ၂၀၂၀ ရွေးကောက်ပွဲအပေါ် သက်ရောက်မည်ကို ပြည်နယ်အတွင်းရှိ ပါတီများက စိုးရိမ်နေကြသည်။
“တပ်မတော်က လုံခြုံရေးမကောင်းဘူးဆိုပြီး အကြောင်းပြလိုက်လို့ရှိရင် အဲ့ဒီမဲဆန္ဒနယ် သူတို့ ရွေးကောက် ပွဲကော်မရှင်ကတော့ ဖွင့်ပေးမှာ မဟုတ်ဘူး။ အဲ့ဒါမျိုးတွေရှိတဲ့အခါကျတော့ ဒါက အမျိုးမျိုးဖြစ်လာနိုင် တယ်လေ။ အမှန်မကန်ဖြစ်လာနိုင်တဲ့အနေအထားမျိုးက အဲ့ဒီကနေ စလာနိုင်တယ်။ တို်င်းသားဒေသ တွေကတော့ တိုက်ပွဲတွေက အနီးစပ်ဆုံးဖြစ်နေတာကိုး။ အထူးသဖြင့် ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့၊ ရခိုင်တို့၊ အဲ့လိုမျိုးနေရာတွေမှာ ကျနော်တို့က မဲဆန္ဒနယ် တော်တော်များများ ပိတ်ခံရမှာကို စိုးရိမ်တယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ က ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့်၊ ကြိုတင်မဲကိစ္စနှင့် အခြားသော စိုးရိမ်မှုများနှင့် ပတ်သက်၍ ကချင်နိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က ယခုကဲ့သို့ ပြောသည်။
“ဒေသခံပါတီတွေရဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ရွှေ့ပြောင်း လုပ်သားတွေကိစ္စပေါ့နော်။ တခြားပြည်မဘက်ကလာတဲ့လူတွေက မဲထည့်ခွင့်ရှိတယ်ဆိုတဲ့ဟာမျိုး၊ အဲ့ဟာ လည်း စိုးရိမ်ပါတယ်။ နံပါတ်သုံးတစ်ချက်ကတော့ ကြိုတင်မဲတွေပေါ့ ဒါတွေလည်း စိုးရိမ်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်မဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ထည့်တဲ့ပုံစံမျိုးဆိုတော့ အနာဂတ်အတွက် ဒီဟာတွေ စိုးရိမ်စရာကောင်းပါတယ်။ ဒီဟာမျိုးသာဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲဟာ တရားမျှတရေးလား၊ ပွင့်လင်း မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရလာဒ်တွေက အမျိုးမျိုးဖြစ်ပါလိမ့်မယ်” ဟု KSPP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာရရှိထားပြီး ၂၀၁၅ ခုနှစ် စာရင်း အရ ပါတီဝင်အရေအတွက် ၅၀၀၀၀ ခန့် ရှိသည့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အနေဖြင့်လည်း ပြည်နယ်အတွင်း မငြိမ်းချမ်းသေးသည့် အချက်ကို အကြောင်းပြပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲမ ကျင်းပနိုင်မည်ကို စိုးရိမ်သည်ဟု ပြောသည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က သူ၏ စိုးရိမ်မှုများကို ပြောပြသည်။
“ကျနော်တို့ ၂၀၂၀ မှာ ပြုလုပ်မယ့် ကျနော်တို့ အထွေထွေရွေးကောက်ပွဲကြီးက လွတ်လပ်ပြီး တရားမျှတတဲ့ လွတ်လပ်မှုရှိတဲ့ မတရားမှုတွေကင်းတဲ့ ရွေးကောက်ပွဲကြီးဖြစ်လာနိုင်မလားဆိုတဲ့ တစ်ချက်ရယ်၊ ဒုတိယ တစ် ချက်ကတော့ ငြိမ်းချမ်းရေးကို ၂၀၂၀ အမှီရော ဖြစ်ပါ့မလား၊ အပစ်ခတ်ရပ်စဲရေးနဲ့အတူ ငြိမ်းချမ်းရေးဖြစ် ပေါ်လာမှသာ ၂၀၂၀ အတွက် ကျနော်တို့ရဲ့ ရွေးကောက်ပွဲအတွက် အဆင်ပြေနိုင်မှာဖြစ်တယ်” ဟု ဦးရွှေ မင်းက ပြောသည်။ “KIA အနေနဲ့ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် မဲရုံဖွင့်လှစ်နိုင်မှု၊ မဲဆန္ဒနယ် မြေတွေ ပိတ်သိမ်းသွားနိုင်မှု၊ ဒါတွေအတွက် ကျနော်တို့ စိုးရိမ်တယ်။ တချို့ဒေသမှာ ဒါလုံခြုံရေး အကြောင်း ပြပြီးတော့ မဲဆန္ဒနယ်တွေ ပိတ်သိမ်းတာ ရှိကောင်းရှိနိုင်တယ်။ ထိုနည်းတူစွာပဲ ငြိမ်းချမ်းတဲ့ လုံခြုံတဲ့နေရာ မဟုတ်တဲ့ အတွက် ကျနော်တို့ပါတီများရဲ့ သွားလာမှုတွေမှာ လုံခြုံစိတ်ချရမှုမရှိတဲ့အတွက် ကျနော်တို့မှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံမှု ထိတွေ့မှုတွေမှာ အားနည်းသွားနိုင်တယ်။”
ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြင် ကချင်နိုင်ငံ ရေးပါတီများ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့အပြင် အခြားသော နိုင်ငံရေးပါတီတချို့လည်း ကချင်ပြည်နယ်အတွင်း ရွေး ကောက်ပွဲဝင်နိုင်ရေး ပြင်ဆင်နေကြသည်ဟု သိရသည်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ပြန်ကြားရေးတာဝန်ခံ ဦးဂျေလန်းယော် ကတော့ ဒေသခံ ပါတီများ၏ အဓိက ပြိုင်ဘက်မှာ ပြည်မ ပါတီများ ဖြစ်လာမည်ဟု ပြောသည်။
“အဓိကကြုံတွေ့လာမယ့် ပြဿနာကတော့ ကျနော်တို့ဒီတိုင်းရင်းသားပါတီတွေနဲ့ ပြည်မပါတီတွေရဲ့ အားပြိုင်မှုပေါ့နော်။ အဓိက ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေက ပြည်မက လာပြိုင်တဲ့ ပါတီကြီးတွေကို အဓိက အနိုင်ရဖို့လိုတယ်။ ပြီးရင် ၂၀၂၀ ရွေးကောက်ပွဲနိုင်သွားတဲ့နောက်မှာ ကချင်ပြည်နယ်လွှွတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသားပါတီက လွှတ်တော်အမတ်တွေ ရောက်ရှိရေးက ကချင်ပြည်နယ်မှာ ရှိတဲ့ ကျနော်တို့ ကချင်ပါတီတွေရဲ့ အဓိက စိန်ခေါ်ချက်ပေါ့။ အဲ့ဒါပြောချင်ပါတယ်”
နယ်မြေကန့်သတ်ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မရမှာကို စိုးရိမ် နေကြသည့်အပြင် တိုင်းရင်းသားပါတီများဖြစ်သည့်အတွက် ငွေရေးကြေးရေးအခက်အခဲ၊ ပါတီစည်းရုံး ရေး ကိစ္စ၊ လုံခြုံရေး၊ လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့်၊ လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာရေး၊ ကြိုတင်မဲကိစ္စများနှင့် ရွှေ့ပြောင်းလုပ်သားများ မဲထည့်ရေးကိစ္စ စသည့် စိုးရိမ်မှုအမျိုးမျိုး ရှိ သည်ဟု ကချင်နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များက ထောက်ပြထားကြသည်။
ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အစိုးရ၊ တပ်မတော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အနေဖြင့် မှန်မှန်ကန်ကန်နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို လုပ်ပေးစေချင်ကြောင်း ကချင်တိုင်းရင်းသားပါတီများက တောင်းဆိုထားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများ အများစုနေထိုင်ရာ ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ တနိုင်း၊ အင်ဂျန်းယန်၊ မံစီ၊ မိုးမောက်၊ ရွေကူ နှင့် ဆော့လော်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို၊ အချို့ မြို့နယ်များတွင်လည်း မြို့နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။







