မြစ်ဆုံစီမံကိန်းအနီး တန်ဖရဲကျေးရွာကို ခရိုင်အစိုးရက အကြောင်းပြချက်မပေးဘဲ ပြောင်းရွှေ့ခိုင်း

မြစ်ဆုံစီမံကိန်းအနီး တန်ဖရဲကျေးရွာကို ခရိုင်အစိုးရက အကြောင်းပြချက်မပေးဘဲ ပြောင်းရွှေ့ခိုင်း
by -
မဇ္ဈိမ
ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းအနီး တန်ဖရဲကျေးရွာအား မည်သည့် အကြောင်းပြချက်မျှမပေးဘဲ ပြေင်းရွှေ့ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်က ညွန်ကြားလာသည်ဟု တန်ဖရဲကျေးရွာသားများက ပြောသည်။

မေလ ၂၄ ရက် မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲထိ တန်ဖရဲကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းတွင် ရွာသားများအား အစည်းအဝေးခေါ်ယူကာ ပြောင်းရွှေ့ရန် ညွန်ကြားစာကို တန်ဖရဲအုပ်ချုပ်ရေးမှူးက ပြန်လည် ရှင်းပြခဲ့သည်။

“ဒီနေ့ ခရိုင်ကနေ ရည်ညွန်းစာ မြို့နယ်ကနေ ဝင်လာတဲ့စာဖြစ်တယ်။ တန်ဖရဲ အုပ်ချုပ်ရေးမှူးက အဲဒီစာကို ရှင်းပြတယ်။ ရှင်းပြပြီးတော့ လက်မှတ်ရေးထိုးခိုင်းတယ်။ ရွာသားတွေက လက်မှတ်မထိုးဘူး။ ဒီနေ့ ရှင်းပြတဲ့ စာမှာပါတယ်။ ဘာလဲဆိုတော့ နိုင်ငံတော်ကနေ ရွာသားတွေကို ပြောင်းရွှေ့ပါလို့ ပြောတဲ့အခါ တခြား မည်သည့်အကြောင်းပြချက်မျှမပေး ဘဲ ပြောင်းရွှေ့ပေးရမယ်လို့ ပါတယ်။ အဲတော့ မြစ်ဆုံစီမံကိန်း မဆောက်ဖြစ်ဘူး ဆိုရင်လည်း တခြားစီမံကိန်း ဘာပဲဖြစ်ဖြစ် ပြောင်းရွှေ့ရမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ပါနေတယ်”ဟု တန်ဖရဲကျေးရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။

တန်ဖရဲကျေးရွာတွင် အိမ်ထောင်စုပေါင်း ၈၀ ခန့် နေထိုင်နေဆဲ ဖြစ်ပြီး အစည်းအဝေးတွင် လူပေါင်း ရ၀ ကျော် တက်ရောက်ခဲ့ သည်။ ပြောင်းရွှေ့ခိုင်းသည့် အောင်မြင်သာကျေးရွာတွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ရှိသဖြင့် တန်ဖရဲကျေးရွာသား များက ပြောင်းရွှေ့ရန် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ကြောင်း သူက ပြောသည်။

“ဒီနေရာကနေ ဘာကြောင့် ပြောင်းခိုင်းတာလဲ။ အရင်က မြစ်ဆုံစီမံကိန်းဆိုလို့ ရေမြုပ်မယ့်နေရာဖြစ်လို့ ပြောင်းရွှေ့ခိုင်းတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘာပြောလဲဆိုတော့ ရေမမြုပ် မချင်းနေထိုင် လုပ်ကိုင်စားသောက်လို့ရတယ်ဆိုတဲ့ စကားရှိတယ်။ သူတို့ ကတိပေးထား တယ်။ ဒါကြောင့် အခုရေမှမမြုပ်သေးတာ။ ကျွန်တော်တို့က ပြောင်းရွှေ့မှာ မဟုတ်ဘူး။ အောင်မြင်သာမှာ ကျွန်တော်တို့ နေလေလေ ဒုက္ခရောက်လေလေပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာ ကျွန်တော်တို့ လုပ်ကိုင်စားသောက်ဖို့ မြေမရှိဘူး။ ဒီမှာ မနေရဘူးဆိုရင် အဲဒီလို ပြဿနာတွေကို ဘယ်သူက ဖြေရှင်းပေးမှာလဲ”ဟု  သူက ဆက်ပြောသည်။

အောင်မြင်သာကျေးရွာရှိ အစိုးရက ခွဲပေးထားသော မြေကွက်များသည် သဲကျောက်များသဖြင့် စိုက်ပျိုးစားသောက်၍ မရသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲ အများအပြား ရှိနေသည်ဟု ဒေသခံများက ပြောဆိုထားသည်။

၂၀၀၉ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာ၏ အောက်(တောင်ဘက်) ၈ မိုင်ကျော် အကွာတွင် အေးရှားဝေါလ်းကုမ္ပဏီက နေအိမ်များ တည်ဆောက်ပေးကာ တန်ဖရဲကျေးရွာ အပါအဝင် ကျေးရွာ အများအပြား အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က စတင်၍ မဂ္ဂဝပ် ၆,၀၀၀ ထုတ်လွှတ်မည့် မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများ ကန့်ကွက်ခဲ့သဖြင့် သမ္မတက ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...