ချင်းပါတီ (၃) ပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ဦးနိုထန်ကပ်နှင့်တွေ့ဆုံးမေးမြန်းခြင်း အပိုင်း (၂)

ချင်းပါတီ (၃) ပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ဦးနိုထန်ကပ်နှင့်တွေ့ဆုံးမေးမြန်းခြင်း အပိုင်း (၂)

မေး။ ။ လက်ရှိ NLD အစိုးရအပေါ် ဘယ်လိုမှတ်ချက် ပေးချင်လဲ၊ အစိုးရတာဝန်ယူပြီးနောက် စီမံခန့်ခွဲမှုတွေအပေါ် ကျေနပ်အားရမှုရှိလား

ဖြေ။ ။ NLD ပါတီ သုံးနှစ်တာ သူတို့လုပ်ငန်းကိုကြည့်ရင် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ၂၁ ရာစုပင်လုံကိုတော့ သူတို့မအောင်မြင်ဘူးဆိုတာ အားလုံးအသိပါ၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးမှာလည်း မအောင်မြင်ဘူးဆိုတာ ပြည်သူအားလုံးအသိပါ။ ကျွန်တော်ပြောနေစရာတောင် မလိုတော့ဘူး၊ ရွေးကောက်ပွဲတုန်းက သူတို့ကြွေးကြော်နေတဲ့ ခြေဥပြင်ဆင်ရေးကိုလည်း တစ်ဖက်က ကန့်ကွက်နေတော့ ကျွန်တော်တို့ အနေနဲ့ ၂၀၀၈ ခြေဥကို သူတို့ဘယ်လိုပြင်ဖို့ ပြင်ဆင်နေလဲဆိုတာကိုပဲ ကျွန်တော်တို့ပိုကြည့်နေတယ်။

မေး။ ။ လက်ရှိချင်းပြည်နယ် အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုအပေါ် ကော ဘယ်လိုမှတ်ချက်ပေးချင်လဲ

ဖြေ။ ။ တော်တော်များများတော့ ပြောကြတယ်၊ လက်ရှိချင်းပြည်နယ်အစိုးရအဖွဲ့တွေက ချင်းလူမျိုး တွေပဲလို့ ပြောကြတယ်၊ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ လွှတ်တော်ဆိုရင်လည်း လွှတ်တော်ဥက္ကဌပဲ ဖြစ်ဖြစ်ပေါ့၊ သို့ပေမဲ့ ပါတီတစ်ခုဆိုတာ ပါတီရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိရတယ်၊ သူတို့က ကိုယ့်လူမျိုးကိုယ့်ပြည်ကို ဘယ်လောက်ပဲချစ်ချစ် အထက်က လူကြီးတွေ မျက်နှာကိုကြည့်သလားလို့ ကျွန်တော်ထင်တယ်၊ ပြည်သူ့မျက်နှာကို မကြည့်ပဲ အထက်မျက်နှာကို ကြည့်နေသလားလို့ ကျွန်တော်မြင်တယ်၊ ရှိပြီးသားအိမ်ကို ဖြိုတဲ့ ဘွလ်ပီး နှင့် ဟားခါးက မြေတွေသိမ်းတဲ့နေရာမှာတော့ ပြောစရာတော့ရှိတာပေါ့၊ ဒါပေမဲ့ ဥပဒေအရ ကျွန်တော်တို့ လုပ်နေတယ်လို့ ပြောနေတယ်၊ ပြည်သူဖက်အတွက်ကလည်း ဥပဒေ ဘက်မှာအားနည်းချက်ရှိလို့ ဖြစ်နိူင်တယ်၊ ဘာပဲပြောပြော ဒီအကြောင်း အရာတွေကတော့ တကယ်စိတ်မကောင်းစရာ တစ်ခုလို့ ကျွန်တော်မြင်တယ်။

မေး။ ။ ချင်းပါတီသာ အစိုးရဖြစ်ခဲ့သော် လက်ရှိအစိုးရထက် ပိုအလုပ်လုပ်နိူင်မယ်လို့ ထင်လား

ဖြေ။ ။ ချင်းပြည်သူတွေ ကတော့ လမ်း၊ တံတား၊ မီး နှင့် အခြေခံအဆောက်အအုံကိုပဲ ကြည့်ကြတယ်၊ အဲဒါတွေကတော့ ဘယ်ပါတီပဲ တက်တက်လုပ်ရမယ့် အလုပ်ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့သာ အစိုးရဖြစ်ရင်တော့ အဲ့ဒီထက်ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေ လုပ်မယ်၊ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့သူတွေ အလုပ်လုပ်ရင်တော့ ဘယ်တော့မှ လာဘ်ပေးလာဘ်ယူရှိမယ်လည်း မထင်ဘူး၊ အခုကတော့ contractor နာမည်ပျက်တစ်ချို့တောင် လုပ်ငန်းပြန်ရကြတယ်၊ ဆိုတော့ ပြည်နယ်အစိုးရက နာမည်ပျက် contractor တွေကို အားနာသလိုလို ဖြစ်နေတာတော့ကိုယ့်လူမျိုး၊ ကိုယ်ပြည်နယ်ရဲ့ လိုအပ်ချက် နဲ့ပတ်သက်ပြီး အလုပ်မဖြစ်ကြဘူး၊ ကျွန်တော်တို့ အစိုးရဖွဲ့လိုက်ရင် ကျောင်းတွေမှာ ကိုယ့်စာပေနဲ့ ယဉ်ကျေးမှု သင်ကြားနိူင်ခွင့်တွေလုပ်မယ်၊ အခုကတော့ ကိုယ့်ယဉ်ကျေးမှုက ပျောက်ကွယ်နေပြီး သူများယဉ်ကျေးမှုက လာဖုံးနေတယ်၊ ဥပမာ အမွေဆက်ခံတဲ့ကိစ္စကအစပေါ့။ ကိုယ့်လူမျိုးတွေအတွက် ဥပဒေ မရှိတော့ဘူး၊ ကျွန်တော်တို့ ချင်းပါတီတွေကတော့ သူများလုပ်ပြီးသား ဥပဒေမှာ နေဖို့မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီတဲ့ ဥပဒေတွေ ပြဌာန်းမယ်၊ ဥပမာ လက်ရှိပြည်နယ် ဝင်ငွေက အမေရိကန် ဒေါ်လာ သန်း ၇၀ ပတ်ဝန်းကျင်ဖြစ်တယ်၊ မီဇိုရမ်ပြည်နယ်ကို သွားကြည့်ရင် တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၆၀၀ လောက်ရှိတယ်၊ အဆ ၂၀ လောက်ပိုများတယ်၊ အဲ့ဒီမှာ တစ်ချို့တွေက ပြောကြတယ် ချင်းပါတီတွေက အစိုးရလုပ်လိုက်ရင် ဝင်ငွေပျက်သွားမှာဆိုပြီး ပြောဆိုကြတဲ့ သူရှိတယ်၊ လုံးဝမဟုတ်ပါဘူး၊ အစိုးရတစ်ရပ်ရဲ့ ဝင်ငွေဆိုတာ လူဦးရေရဲ့ တစ်ဦးတစ်ယောက်ချင်းဝင်ငွေနဲ့တွက်တာပါ၊ ချင်းပါတီဖြစ်စေ၊ ပြည်မပါတီဖြစ်စေ၊ ဘယ်ပါတီတက်တက် ဝင်ငွေတော့ ပုံမှန်အတိုင်းဖြစ်မယ် ပိုများအောင် ကျွန်တော်တို့ လုပ်မယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ကနေ ဝင်ပြိုင်မှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ပါတီအတွင်း လုပ်ထုံးလုပ်နည်းတစ်ခုလုပ်တာရှိတယ်၊ အဲဒါကတော့ ပါတီအတွင်းမှာ ဥက္ကဌ ၃ ဦးရှိတဲ့အတွက် ကျွန်တော်တို့ ၃ ဦးက ဝင်ပြိုင်တဲ့နေရာမှာ နိူင်ဖို့လိုအပ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီရဲ့ ပုံရိပ်ပျက်သွားနိူင်တယ်၊ ကျွန်တော်ကတော့ ကျွန်တော့ဇာတိမြေဖြစ်တဲ့ ဖလမ်းမဟုတ်ရင် အရင်က ကျွန်တော်ဝင်ပြိုင်တဲ့ ကလေးမြို့ မှာဝင်ပြိုင်မယ်။ ဒါမှမဟုတ် မပြိုင်ရင်လည်း နေနိူင်တယ်၊ ဒါကတော့ ကျွန်တော့ရွေးချယ်မှုပေါ့၊ အခုထိ မစဉ်းစားသေးဘူး။ လူထုကတော့ ပြောတယ်။ ကလေးမြို့ထက်စာရင် ကိုယ့်မွေးရပ်မြေမှာ ပြိုင်ဖို့ ပိုသင့်တော်တယ်လို့ပြောကြတယ်။ ကျွန်တော်နိုင်ငံရေးလုပ်တယ်ဆိုတာ လိုအပ်တဲ့နေရာမှာ လုပ်မယ်ဆိုပြီးတော့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ချင်းပြည်နယ်မှာ ဆိုရင် မြို့ကိုးမြို့နယ်ပဲရှိတယ်။ ဒါပေမယ့် ၉၇ ရာခိုင်နှုန်းလောက်ကတော့ ခရစ်ယာန်တွေဆိုတော့ စိုးရိမ်စရာမရှိဘူး။ မြေပြန့်မှာတော့ လူဦးရေပေါင်း သိန်းငါးဆယ်ရှိတယ်။ အဲဒီထဲမှာ ချင်းလူမျိုးက သုံးသိန်းလောက်ပဲရှိတယ်။ အဲဒီမှာ အုပ်ချုပ်တဲ့ ဌာနဆိုင်ရာတွေက ဗမာတွေချည်းပဲဖြစ်တယ်။ အဲဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ စိုးရိမ်မှုရှိတယ်။ ဌာနဆိုင်ရာမှာ ထိတွေ့မှုတွေအတွက် စိုးရိမ်စရာရှိနေတယ်။ အခက်အခဲအများကြီးရှိတယ်။ မှတ်ပုံတင်လုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ စည်ပင်ကိစ္စဖြစ်ဖြစ်၊ မြေတိုင်းဖြစ်ဖြစ် လိမ်လည်မှုတွေနဲ့အများကြီးကြုံတွေ့ရတယ်။ ဒါကြောင့် ဒါတွေကို ရပ်တည်ပေးဖို့အတွက် ချင်းရေးရာဝန်ကြီးနေရာမှာ ဝင်အရွေးချယ်ခံခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ကိုယ့်တိုင်းရင်းသားအခွင့်အရေးတွေကို ကာကွယ်ပေးမယ့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာရှိတယ်။ ၂၀၁၀ မှာ ဝန်ကြီးနေရာရခဲ့တယ်။ ၂၀၂၀ မှာလည်း ဒီနေရာကို ပြန်ပြိုင်ရင် ကောင်းမလားဆိုပြီး စဉ်းစားနေတယ်။ ဒါပေမယ့် အသေအချာတော့မဆုံးဖြတ်သေးဘူး။

မေး။ နိုင်ငံရေးသက်တမ်းအရ အများကြီးလုပ်ဆောင်ခဲ့တယ်။ ချင်းအမျိုးသားတပ်ဦးမှာ ဦးဆောင်ခဲ့သလို ချင်းရေးရာဝန်ကြီးလည်းလုပ်ဆောင်ခဲ့တယ်။ အဲနောက် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း တာဝန်ယူခဲ့တယ်။ ဆရာအမြင်မှာ ဘယ်လိုမျိုးအချိန်အခါမှာ နိုင်ငံရေးလောက ကနေ အနားယူဖို့ သင့်တော်မယ်လို့ထင်သလဲ။

ဖြေ။ ကျွန်တော့်အမြင်တော့ ဝန်ကြီးချုပ်ဖြစ်လို့၊ ဝန်ကြီးဖြစ်လာလို့၊ ဒုသမ္မတဖြစ်ခွင့်ရပြီးတော့ နိုင်ငံရေးကနေ အနားယူမယ်ဆိုတာမျိုးမရှိဘူး။ ကျွန်တော်တို့လူမျိုးအနေနဲ့ လိုအပ်တဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကို ၈၀ ရာခိုင်နှုန်းလောက်ရရှိပြီဆိုရင် နိုင်ငံရေးလောကမှာ ဆက်နေဖို့ ကျွန်တော့်အနေနဲ့မသိတော့ဘူး။ တစ်ချို့က အပြောနဲ့ပဲပြောတယ်လို့ထင်ကောင်းထင်မယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်ပြောဖူးတာရှိတယ်။ ကျွန်တော်တို့ချင်းလူမျိုးဟာ နိုင်ငံရေးမှာ ရပ်တည်ချက်ကောင်းကောင်းရှိနေပြီးသား လူမျိုးဟုတ်မနေသေးဘူး။ ဗမာလူမျိုးပဲ ကိုယ့်ဟာကို ရပ်တည်နေနိုင်ကြတယ်။ ဒါကြောင့် အာမခံချက်ရှိတဲ့ တိုင်းရင်းသားလူမျိုးဖြစ်ဖို့ ကိုယ့်ဟာကိုယ် သိဖို့လိုအပ်တယ်ဆိုပြီးတော့ ကျွန်တော့်ရပ်တည်ချက်ကို ပြောခဲ့တာဖြစ်တယ်။ ပြောချင်တာကတော့ ကျွန်တော်ရွေးကောက်ပွဲနိုင်မယ်မနိုင်ဘူးဆိုတာထက် အအုပ်ချုပ်ခံဘဝထက်စာရင် အုပ်ချုပ်သူလူတန်းစားအဖြစ် ရပ်တည်ဖို့ ဘုရားက ကျွန်တော်တို့အတွက် ဖြစ်စေချင်တာဖြစ်တယ်။ အဲသလိုချင်းလူထုကို နားလည်စေချင်တယ်။ ဥပမာ နာဂဒေသဆိုရင် လွတ်လပ်ရေးလိုချင်သလားလို့ ဗဟိုအစိုးရက မေးတဲ့အချိန်မှာ ၉၀ ရာခိုင်နှုန်းကျော်က လွတ်လပ်ရေးရချင်တယ်ဆိုတဲ့ အဖြေမျိုးကိုယ့်လူမျိုးဆီက ထွက်ဖို့ အသိပညာရှိပြီဆိုရင် နိုင်ငံရေးမှာ ကျွန်တော်ဆက်ရှိဖို့မလိုအပ်တော့ဘူးဆိုတဲ့ အတွေးရှိတယ်။

မေး။ ရွေးကောက်ပွဲပြန်ပြိုင်ရင် အနိုင်ရဖို့ ဘယ်လောက်မျှော်လင့်သလဲ။

ဖြေ။ ပါတီအနေနဲ့ ဒီကိစ္စကို နှစ်ပိုင်းနဲ့ခွဲကြည့်လိုက်မယ်ဆိုရင် ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်ပြင်ပဆိုပြီး စဉ်းစားမယ်ဆိုရင် ချင်းပြည်နယ်မှာတော့ ၈၀ ရာခိုင်နှုန်းကတော့ နိုင်ပြီးသားပဲ။ ချင်းပြည်နယ်ပြင်ပဖြစ်တဲ့ ကလေး၊ တမူးမှာလည်း အတိုင်းအတာတစ်ခုထိ အားကောင်းနိုင်ပေမယ့် မကွေး၊ ရခိုင်လိုမျိုးမှာတော့ ရာနှုန်းပြည့်မသေချာဘူး။ ဘာလို့လဲဆိုရင် သူတို့နေထိုင်တဲ့နေရာအခြေအနေအရ ရပ်တည်ချက်ကမတူဘူး။ ဘာလို့လဲဆိုရင် လူမျိုးချစ်စိတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကလည်း စိတ်တိုင်းကျ မပြောဆိုနိုင်ဘူး။

မေး။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လူထုကို ဘာများပြောချင်သလဲ။

ဖြေ။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲတစ်ခုတည်းကိုပဲ အနိုင်ရဖို့ မစဉ်းစားထားဘူး။ အစိုးရဖွဲ့နိုင်မယ်၊ လွှတ်တော်ကို ဦးဆောင်မယ်ဆိုတဲ့တစ်ခုတည်းကိုပဲ မစဉ်းစားဘူး။ ကျွန်တော်တို့ချင်းလူမျိုးနဲ့ ချင်းပြည်နယ်ကြီးက ပန်းတိုင်းတစ်ခုမရောက်နိုင်သေးဘူး။ CNLD ကိုအားပေးတဲ့အချိန်မှာ ဦးဆောင်သူပိုင်းကိုပဲမကြည့်နဲ့။ မူဝါဒနဲ့ မျှော်မှန်းချက်တွေကို ကြည့်ပြီး လူထုအတွက်ကော ပါတီအတွက်လည်းဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ CNLD ဆိုတာ သင့်ပါတီ၊ ကျွန်တော့်ပါတီ၊ ချင်းလူမျိုးတွေရဲ့ပါတီဖြစ်ပါတယ်။ အဲဒါကို ခံယူပြီး လူထုအားလုံးက ရပ်တည်ပေးဖို့က တောင်းဆိုချင်တာဖြစ်ပါတယ်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...