ရခိုင်ပြည်နယ်အတွင်း လှေစီးဒုက္ခသည်များအတွက် စခန်းများရှိလာမည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကတိပြုပြောကြား

ရခိုင်ပြည်နယ်အတွင်း လှေစီးဒုက္ခသည်များအတွက် စခန်းများရှိလာမည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကတိပြုပြောကြား
by -
ကိုအောင် - ရခိုင်​့အသံဂျာနယ်​
 ၂၁-၅-၂ဝ၁၅နေ့ညပိုင်းက ကယ်တင်စောင့်ရှောက်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်အတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ဗီဂျေး နမ်ဘီးယား ၊ မြန်မာနိုင်ငံဆိုင်ရာ UNညှိနှိုင်းရေးမှူးမစ် ရီနားတား၊ UNOCHA ( United Nations Office for the  Coordination of Humanitarian Affairs) နှင့် UNHCR (United Nations High Commissioner  Refugees ) တို့မှအရာရှိများနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ နှင့်​ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်စစ်ဝန်​တို့က လာရောက်တွေ့ဆုံ အားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အစီအစဉ်တစ်ခုကို ယနေ့နံနက် (၉း၃ဝ)နာရီက မောင်တောမြို့၊ အလယ်သံကျော်ကျေးရွာရှိ လှေစီးဒုက္ခသည်များကို ခေတ္တစောင့်ရှောက်မှုပေးထားသော အာရဗီဘာသာရေးကျောင်းတွင် ကျင်းပခဲ့သည်။  ဝန်​ကြီးချုပ်​နှင်​့တက်​​ရောက် လာသူများက ပြည်ထောင်စုအစိုးရထံမှ ပေးပို့သော ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်ခဲ့သည်။

ရခိုင်ပြည်သူများအနေဖြင့် ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ကာလရှည်ကြာ လက်ခံထားရန် ဟုတ်/ မဟုတ် သံသယများဖြစ်ပေါ်နေသဖြင့် အခမ်းအနားအစီအစဉ်အပြီး ရခိုင့်အသံက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ “စိုးရိမ်မှုတွေရှိနေတယ်ဆိုတာ အင်တာနက်မှာ ရေးသားတာတွေလဲ တွေ့ရပါတယ်။ မောင်တောဒေသအပါအဝင် ရခိုင်လူမှုအဖွဲ့အစည်းတွေက ဆန္ဒဖော်ထုတ်မယ်။ စခန်းဖွင့်ပေးထားရင် UNHCR က စားပေါက်ထွင်ပြီး လုပ်နေမယ်။ အဲဒီလိုသံသယစကားတွေ ကြားနေရပါတယ်။ နောက်ပြီး တစ်ဖက်နိုင်ငံသားတွေကို ပြုစုတယ်၊ စောင့်ရှောက်တယ် စသည်ဖြင့် ဝေဖန်သံတွေလဲ ကြားရပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အနေနဲ့ပြောရရင်တော့ အဲဒီဟာတွေက နားလည်မှုလွဲနေတယ်လို့ ပြောပါရစေ။ ယခု သူတို့ကို စောင့်ရှောက်တယ်ဆိုတာ လူသားချင်းစာနာမှုအတွက် စောင့်ရှောက်ခြင်း သာဖြစ်ပါတယ်။ အမေရိကန်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဒုက္ခရောက်တဲ့သူကို လူသားချင်းစာနာမှု အနေနဲ့ စောင့်ရှောက်ကူညီခြင်းသာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက် မှုပေးပြီးတာနဲ့ သက်ဆိုင်ရာ နိုင်ငံကို လွှဲပြောင်းအပ်နှံဖို့အတွက် ဆောင်ရွက်သွားမှာပါ။ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ပြီး ပို့ရမှာဖြစ်ပြီး လိုအပ်ရင် အာဆီယံ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ ဒေသတွင်းနိုင်ငံတွေနှင့် ကုလသမဂ္ဂတို့ပါ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အခု ဒီလူတွေကို ကယ်တင် စောင့်ရှောက်ရတယ်ဆိုတာ လူသားချင်းစာနာမှုအနေနဲ့ ကူညီဆောင်ရွက်ပေးတာသာဖြစ်တယ်။ ရခိုင်ပြည်နယ်ထဲမှာ သူတို့အတွက် စခန်းဖွင့်ပြီး လက်ခံသွားဖို့ လုံးဝမရှိတဲ့အကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ရခိုင်ပြည်သူတွေကို ရဲရဲတင်းတင်း ကတိပေးပါတယ်။ ဒီကိစ္စကို မစ္စတာဗီဂျေးနမ်ဗီးယားနဲ့လဲ စကားပြောပြီးပြီ။ ရခိုင်ပြည်နယ်ဆိုတာ ဒုက္ခသည်များ စုဝေးရာနေရာမဟုတ်ဘူး။ ရှိနေတဲ့ဒုက္ခသည်စခန်းတွေကိုတောင် လျှော့ချပစ်မှာပါ။ ဖွံ့ဖြိုတိုးတက်တဲ့ သာကီဝင်မျိုးတွေရဲ့ ရခိုင်ပြည်ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ IDP စခန်းတွေ ထပ်ပြီးလုပ်လာမှာကိုလဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လိုအပ်တဲ့ စစ်ကြောမှုတွေ ပြုလုပ်ပြီးတာနဲ့ ပြန်ပို့နိုင်အောင် အလေးထားဆောင်ရွက်သွားပါမယ်။ နှစ်ဖက်စကားပြောတဲ့ အချိန်အတိုင်းအတာ တစ်ခုတော့လိုပါမယ်။ ဒါကို နမ်ဗီးယားတို့နဲ့လဲ ပြောထားပါတယ်။” ဟု ရခိုင့်အသံသို့ပြောသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ပြည်သူလူထုများအနေနဲ့လဲ ကောလာဟာလာတွေနဲ့၊ အထင်အမြင်တွေကို စဉ်းစားချင့်ချိန်ပြီးမှ လုပ်စရာကို လုပ်ဖို့လိုပါတယ်။ Boat People ကိစ္စက လတ်တလော ကမ႓ာ့အရေးဖြစ်လာနေတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် သမ္မတကြီးကို ဖုန်းဆက်ပြီး အရေးကြီးကိစ္စတစ်ရပ်အနေနဲ့ ပြောဆိုဆွေးနွေးလာတယ်။ ဒီနေ့ဒီမှာဆောင်ရွက်နေတဲ့ကိစ္စသည် နိုင်ငံတော်အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ ဂုဏ်သိက္ခာအတွက် ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ဒါကပထမအဆင့်။ ဒါပြီးမှ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ဘယ်နိုင်ငံသား၊ ဘာလူမျိုးဆိုတာထက် ပင်လယ်ထဲမှာ ရက်ပေါင်း (၄ဝ)ကျော် ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်တင်တဲ့အလုပ်တစ်ခုကိုပဲ ပြည်နယ်အစိုးရလုပ်တာပါ။ ကျန်တဲ့အပိုင်းကို ဥပဒေနဲ့တိတိကျကျဆောင်ရွက်မှာဖြစ်ပါတယ်။ အခုပါလာတဲ့ပုဂ္ဂိုလ်တွေအားလုံးပေါ့ နမ်းဗီးယား၊ ဌာနေကိုယ်စားလှယ်ပါတယ်။ စစ်တွေက ဦးသန်းထွန်းတို့လို မြို့မိ၊ မြို့ဖတွေပါတယ်။ အားလုံးပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမှာပါ။ ရခိုင်ပြည်သူများအနေနဲ့ ရခိုင်ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်ကို ကြိုက်သူ၊ မကြိုက်သူရှိမယ်။ နောက်ကွယ်ကအနှစ်သာရ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်ကြီး တည်ငြိမ်ဖို့၊ ရခိုင်တိုင်းရင်းသားတွေ ဂုဏ်သိက္ခာရှိဖို့ ပဲဖြစ်တယ်။ ပြည်သူများအနေနဲ့ စိုးရိမ်မှုမရှိဖို့နဲ့ ကျွန်တော်တို့လုပ်ရမယ့် အလုပ်ကို ရဲရဲတင်းတင်း၊ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ သတင်းစကားပါးလိုပါတယ်။” ဟု ပြောဆိုသွားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများက ဝင်ရောက်လာသမျှ လှေစီးဒုက္ခသည်များကို ဒုက္ခသည်စခန်း ဖွင့်လှစ်၍ လက်ခံထားရမည်ဆိုပါက ဒုက္ခသည်များ အဆမတန်ဝင်ရောက်လာပြီး ဒေသတွင်း အခက်အခဲများ ဖြစ်လာမည်လား၊ နောက် ကွယ်တွင် UNHCR က မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို အစုအပြံုလိုက် ဝင်ရောက်ရန် အကွက်ချဆောင်ရွက်နေသလားဟူ၍ သံသယစိုးရိမ်စိတ်ရှိနေကြပြီး ဒုက္ခသည်လက်ခံရန် ဆန့်ကျင်ကန့်ကွက်လိုကြသည်ဟု စစ်တွေမြို့မှ မြို့မိ မြို့ဖ တစ်ဦးဖြစ်သော ဦးသန်းထွန်းက ပြောပါသည်။ “ဒီလို UN က အဓိကပုဂ္ဂိုလ်တွေရှေ့မှာ အခု လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေသာဖြစ်တယ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြနိုင်လို့ မြန်မာနိုင်ငံအတွက်တော့ အားသာချက်တစ်ခုဖြစ်လာတယ်။ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမယ့် UN က နောက်ထပ်ရှိနေသေးတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကလက်ခံပေးဖို့ ပြောနေတာရှိတယ်။ တခြားနိုင်ငံကို မပြောပဲ မြန်မာနိုင်ငံကိုပဲ ဦးတည်ပြောနေတယ်ဆိုကတည်းက ရည်ရွယ်ချက် တစ်ခုခုကို အကောင်အထည် ဖော်နေသလားလို့ ယူဆမိပါတယ်။ အကောင်းဆုံးကတော့ မြန်မာနိုင်ငံမှာ ကမ်းမကပ်တာ အကောင်းဆုံးပါပဲ။ ချက်ခြင်းပြန်ပို့နိုင်တာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ပဲ ရေရှည်သာလက်ခံရမယ်ဆိုရင် ရခိုင်တစ်မျိုးသားလုံးက UNHCRကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လာကြပါ လိမ့်မယ်။” ဟု ရခိုင့်အသံသို့ပြောသည်။

ထို့အပြင်ရခိုင်ပြည်နယ်၊ ကျောက်ဖြူနှင့် မြေပုံမြို့နယ်ကြား အောင်တံခွန်(၃)ရေယာဉ် နစ်မြုပ်စဉ်က UN နှင့် INGO တို့၏ ကူညီမှုလုံးဝမရှိခဲ့ပဲ ဘင်္ဂလားဒေ့ရှ်မှ လှေစီးဒုက္ခသည်များအရေးကိစ္စတွင်မူ အထူးကိုယ်စားလှယ် လာရောက်ကြည့်ရှုရသည်အထိ အလျှင်အမြန်ဆောင်ရွက်မှုအပေါ် ဒေသခံတိုင်းရင်းသားများကြားတွင် ခွဲခြားဆက်ဆံခံရခြင်းဖြစ်ကြောင်း ဝေဖန်မှု များမြင့်တက်နေ သည်။

 

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...