ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နွားတင်ကား တစ်စီး အပစ်ခံခဲ့ရသောကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ကျောက်မဲမြို့ရှိ လူမှုကူညီရေး အသင်း များက ပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့(ယနေ့) နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ သွားသည့် နွားတင်ကား တစ်စီး ကျောက်မဲမြို့ နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဇီဝိတ လူမှုကူညီရေးအသင်းက ပြောသည်။
“ ဒီနေ့မနက် ပစ်သတ်ခံရတာတော့ မနက် ၈ နာရီ ဝန်းကျင်လောက်ပေါ့ ၊ နွားကားအပစ်ခံရတော့ ၁ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရတယ် ၊ နွား ၂ ကောင်လည်း သေတယ် ၊ ကျောက်မဲဆေးရုံမှာ ရောက်နေတယ်၊ သေဆုံးသူကတော့ ပစ်တဲ့ချိန် သေဆုံးတယ်”ဟု ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ က ပြောသည်။
ယနေ့ နံနက် ၈း၀၀ ကျော် အချိန်တွင် မန္တလေး – လားရှိုးလမ်းပိုင်း (ပြည်ထောာင်စုလမ်းမကြီးပေါ်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ချောင်းချောက် ကျေးရွာအနီးတွင် အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရှမ်းမြောက် နမ့်ခုမ်း ပရဟိတအသင်း က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဖြစ်တာက မနက်က ဖြစ်တာ။ ဖြစ်တာက ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ချောင်းချောက်ကျေးရွာ အကျော်ပေါ့၊ အဲ့မှာဖြစ်တာပေါ့။ သေတာက ယာဉ်မောင်း တစ်ယောက် သေတာပေါ့။ စပယ်ရာမပါဘူးလို့ပြောတယ်၊ နွားထိန်း ၂ ယောက်က ဒဏ်ရာရှိတယ်။ သေသွားတဲ့ ယာဉ်မောင်းရော ကျောက်မဲမှာပဲ” ဟု ရှမ်းမြောက် နမ့်ခုမ်း ပရဟိတအသင်း က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိခိုက် ဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ ဘယ်ဖက်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရှိထားပြီး ကျန်တစ်ဦးမှာ ကျောကုန်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ရှမ်းမြောက် နမ့်ခုမ်း ပရဟိတအသင်း က ပြောသည်။
ရှမ်းမြောက်ဒေသအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ကျွဲနှင့်နွားများ တင်ထားသည့် ကားကြီးများကို အမည်မသိလက်နက်ကိုင်အဖွဲ့များက မကြခဏဆိုသလို ချောင်းမြောင်း ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။
ယခုအခင်းဖြစ်ပွားရာ ကျောက်မဲမြို့နယ် အနီးတဝိုက်သည် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ထက်မနည်း လှုပ်ရှား နေသော နယ်မြေဖြစ်သည်ဟု ဒေသအတွင်းက အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။
ထိုနေရာ ပတ်ဝန်းကျင်တွင် တပ်မတော်အပါအဝင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အခြားသော ပြည်သူ့စစ်တပ်ဖွဲ့များလည်း အများအပြားလှုပ်ရှားနေသည့် နေရာ ဒေသဖြစ်သည်။
ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ က “နယ်မြေတစ်ခုလုံးကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လွှမ်းမိုး နေတာပေါ့။ ရှိနေတာပါပဲ၊ ရှိနေကြတဲ့အခါကြတော့ ဟို အခုအချိန်ကလည်း မငြိမ်းချမ်းတဲ့ကာလ ငြိမ်းချမ်းရေးယူဖို့ အတွက်လည်း ခက်ခဲနေတဲ့ အချိန် ဖြစ်တဲ့အခါကြတော့ သူတို့တွေက ကိုယ့်မြို့ နား၊ အနီးအနား ဝန်းကျင်တွေမှာ ဒီလို ဖြစ်စဉ်တွေ ပစ်ခတ်မှုတွေ အများကြီးဖြစ်နေကြတာပါ” ဟု ပြောသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နွားနှင့် ကျွဲတင်ထားသည့် ကားကြီးများ မကြာခဏ ပစ်ခတ်ခံခဲ့ပြီး တရားခံဖမ်းမိခြင်း၊ ဖော်ထုတ်နိုင်ခြင်း တစ်ကြိမ်တစ်ခါမှ မရှိခဲ့သေးဘူးဟုလည်း ရှမ်းမြောက် ဒေသရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။
ထိုသို့ တရားခံများ ဖမ်းမိခြင်း၊ ဖော်ထုတ်နိုင်မှု မရှိခြင်းသည် တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကြောင့် ဖြစ် သည်ဟုလည်း ရှမ်းမြောက်ဒေသရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ထောက် ပြထားသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတွင်လည်း သုံးကြိမ်ထက်မနည်း နွားနှင့် ကျွဲတင်ထားသည့် ကားများ ပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်။







