ထိုးစစ်များကို ရပ်တန့်ခြင်း မရှိပဲ တိုက်ပွဲများဖော်ဆောင်နေခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စရပ်များသည် မြန်မာ စစ်တပ်၏ တာဝန်သာ ဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ယနေ့တွင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုးစစ်များကို ရပ်တန့်ရန်နှင့် ထိုးစစ်များ မရပ်ပါက တိုက်ပွဲများကြောင့် ဖြစ် ပေါ်လာမည့် ကိစ္စရပ်များသည်ဟု တပ်မတော်၏ တာဝန်များသာဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် ULA/AA ပြောခွင့်ရ ခိုင်သုခ က “အဓိကတော့ မြန်မာစစ်တပ်ဘက်ကနေ လုပ်နေတဲ့ ထိုးစစ်တွေပေါ့နော်၊ အဲ့ဒါတွေကို ရပ်တန့်ဖို့အတွက် ကျနော်တို့ ပြောလိုတာ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ညီနောင်သုံးဖွဲ့ဘက်က လွန်ခဲ့တဲ့ စက်တင်ဘာကစပြီး ထိုးစစ်တွေကိုရပ်တန့်ထားတာပေါ့နော်။ ထိုးစစ်ရပ်တဲ့ သက်တမ်းကိုလည်း ဒီနှစ်ကုန် ၃၁ ရက်အထိ တိုးထားတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုပြီးတော့ ချောမွေ့ အဆင်ပြေစေဖို့အတွက် ကျနော်တို့ဘက်က လုပ်နိုင်တဲ့ဥစ္စာတွေကို လုပ်တာဖြစ်တယ်။ အထူးသဖြင့် တဘက်နဲ့တဘက်ကြားမှာ ယုံကြည်မှုပိုရှိလာအောင်ပေါ့ဗျာ” ဟု ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်တန့်ပြီး လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ များ လျှော့ချနိုင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများ လက်တွေ့ကျပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ( Bilateral Ceasefire Agreement ) ရေးထိုးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်းကို ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲအပြီး စက် တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“တဖက်မှာ ကျနော်တို့ဘက်က ထိုးစစ်တွေကိုရပ်တန့်ထားတာကို အခွင့်အကောင်းယူပြီးတော့ မြန်မာစစ်တပ် ကနေပြီးတော့ ထိုးစစ်တွေကို တောက်လျှောက် အင်အားအလွန်အကျွံသုံးပြီးမှ အခုဆိုရင် ကျနော်တို့ ရခိုင်ဒေ သမှာပဲဖြစ်ဖြစ်၊ တအာင်းဒေသမှာပဲဖြစ်ဖြစ်၊ ကိုးကန့်ဒေသမှာပဲဖြစ်ဖြစ်ပေါ့ သူတို့ဘက်ကနေပြီးမှ ကျနော် တို့ ပြည်သူတွေကို ဦးတည်ပြီးမှ လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေရှိတယ်။ ဒါကြောင့် ဒီလိုမျိုးမြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့လိုတာပေါ့နော်၊ မရပ်တန့်ဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေ ကို မြန်မာစစ်တပ်မှာပဲ တာဝန်ရှိတယ်လို့ ပြောထားတာဖြစ်တယ်” ဟု ခိုင်သုခ က ဆက်ပြောသည်။
တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ အပစ်ရပ်ထားသော အခြေအနေများကို အခွင့်အကောင်းယူကာ ၎င်းတို့၏ ကိုးကန့်၊ တအာင်း နှင့် ရခိုင် ဒေသများကို ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးများဖြင့် ပြင်းထန်သော ထိုးစစ်များကို အရှိန်အဟုန်မြင့်စွာ ဆက်လက်ပြုလုပ်နေပါသည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
ထို့အပြင် ပြည်သူလူထုများရှိရာ ရပ်ရွာများအား လူမျိုးရေး အမုန်းတရားများကို အခြေခံ၍ လက်နက်ကြီး လက် နက်ငယ် ရဟတ်ယာဉ်များဖြင့် နေ့ညမရွေး ပစ်ခတ်တိုက်ခိုက်နေခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထု များကို အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်ဖမ်းဆီးနေခြင်း၊ သတ်ဖြတ်နေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခအမျိုးမျိုး ပေးနေ ခြင်းများကို နေ့စဉ် ကျူးလွန်လျက်ရှိပါသည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၏ ထုတ်ပြန် ချက်ထဲတွင် တပ်မ တော်အား စွပ်စွဲထားသည်။
အဆိုပါ ထိုးစစ်များကြောင့် အစိုးရ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ပြုလုပ်မည့် တွေ့ ဆုံ ဆွေးနွေးမှုများသည် နောက်ပြန်ဆုတ်စေနိုင်သည့်အပြင် ယုံကြည်မှုကို ထိခိုက်စေနိုင်သည့်အတွက် ထိုးစစ် များကို ရပ်တန့်ပြီး စိတ်ဆန္ဒအမှန်ဖြင့် တွေ့ဆုံဆွေးနွေးပွဲများကို လုပ်ဆောင်လိုသည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
“မြန်မာပြည်တွင်းစစ်မီးများ ပိုမိုပြင်းထန်စွာ တောက်လောင်နေခြင်းနှင့် မိဘ ပြည်သူလူထုများ စစ်ဘေးဒဏ် ပိုမိုခံစားနေကြရခြင်းများကို ရပ်တန့်အဆုံးသတ်နိုင်ရန်အတွက် မြန်မာစစ်တပ်၏ မိမိတို့ ညီနောင် ၃ ဖွဲ့အပေါ် ပြုလုပ်နေသော ထိုးစစ်များကို အမြန်ဆုံးရပ်တန့်ပြီး စစ်မှန်သော စိတ်ဆန္ဒနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ရန်လိုသည်” ဟု ပါရှိသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မ တော် MNTJP/MNDAA တို့ဖြစ်သည်။
အဆိုပါ အဖွဲ့ ၃ ဖွဲ့နှင့် အတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ် ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသော်လည်း ယခု အချိန်အထိ ပြေလည်မှု မရရှိသေးပေ။
ထို့သို့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေသည့် တစ်ဖက်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် PS/F/TNLA၊ MNTJP/MNDAA၊ ULA/AA တို့မှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည်။
အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။







