ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ဆက်နွယ်ပြီး ကယားပြည်နယ်အစိုးရက ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကရင် နီလူငယ် ၆ ဦးကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။
အောက်တိုဘာလ ၂၉ ရက်နေ့(ယနေ့) ၁၇ ကြိမ်မြောက် ရုံးချိန်းတွင် ကရင်နီလူငယ်များဖက်မှ တရားရုံးသို့ စာဖြင့် သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း အပြီးသတ်လျှောက်လဲ ချက်တင်ခဲ့ပြီး လာမည့် ၁၈ ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံးမှ အပြီးသတ် အမိန့်ချမည်ဟု ကရင်နီ လူငယ်များနှင့် ၎င်းတို့၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။
ကရင်နီလူငယ် ၆ ဦး၏ အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ စောခူးတလေက “ကျနော်တို့ ဒီအမှုက ကျနော်တို့ အပြီးသတ် လျှောက်လဲချက် တင်ပြီးသွားပြီးပေါ့နော နောက်တစ်ချိန်း ၇ ရက်နေ့မှာတော့ အမိန့်ချ တော့မှာ ဖြစ်ပါတယ်” ဟု တရားရုံးအပြီး သတင်းမီဒီယာများအား ပြော သည်။
ကယားပြည်နယ် အစိုးရ၏ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ကရင်နီလူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။
၎င်းအနေဖြင့် တစ်စုံတစ်ရာသော တည်ဆဲဥပဒေကို ချိုးဖောက်မှု မရှိသည်သာမက သက်သေခိုင်လုံမှု မရှိပဲ ယခုကဲ့သို့ ဖမ်းဆီးတရာစွဲခြင်းသည် နိုင်ငံရေးအရ အကောက်ကြံသည့် လုပ်ရပ်ဖြစ်သည် ကရင်နီလူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး(ခ)ဂူးဂူ က ဆိုသည်။
“ဒီဖြစ်စဉ်တစ်ခုလုံး ဖြစ်လာတာက နိုင်ငံရေးအရ အကောက်ကြံ မှုဖြစ်ပါတယ်။ ဆွေးနွေးပွဲအဆင်မပြေမှပဲ ကျနော်တို့ကို နိုင်ငံရေး အရ အကောက်ကြံပြီးတော့ ကောက်ဖမ်း တာဖြစ်တယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက တရားမျှတမှု မရှိဘူးဆိုတာကို အားလုံးက မျက်ဝါးထင်ထင် တွေ့ပြီးသား ပဲဖြစ်တယ်။သက်သေခိုင်မာမှု မရှိပဲနဲ့ကျနော်တို့ကို စွဲချက်ကောက်တင်တာဖြစ်တယ်” ဟုပြော သည်။
လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ခြင်း စနစ်နှင့် ပတ်သက်၍လည်း ခူးကြူးဖဲကေး(ခ)ဂူးဂူ က ယခုကဲ့သို့ ဆက်ပြောသည်။
“ကျနော်တို့ကို နောက်လ ၇ ရက်ကျရင် အမိန့်ချဖို့ ရုံးချိန်းထပ်မံပြီးပေးလိုက်တယ်။ အဲဒီအချိန် ကျရင်တော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့အတူ ဆုံးဖြတ်နိုင်စွမ်းကို အားလုံးမြင်တွေ့ရမှာဖြစ်တယ်။ တစ်နိုင်ငံလုံး တရားသူကြီးရဲ့ ဆင်ခြင်နိုင်စွမ်းကို မြင်တွေ့ရမှာဖြစ်သလို အုပ်ချုပ်ရေးယန္တရားကလည်း တရားစီရင်ရေး အပိုင်းမှာ ဘယ်လောက်အထိ ပါဝင်ပတ်သက်နေတာလည်း ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာ ဖြစ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲယူဆပါတယ်” ဟုပြော သည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသား များ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေ သည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာ ကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရသည်။
အဆိုပါစာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော် မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာအရ ညိုးနွမ်းမှု၊ ထိခိုက်မှု ရှိသည်ဟုဆိုကာ က ရင်နီ လူငယ် ၆ ဦးကို နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့သည်။
ထို့ကြောင့် ၎င်းတို့ ၆ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံချိန်းတွင် လွိုင်ကော်မြို့နယ် တရားရုံးမှ အဆိုပါ နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
အခုလိုတရားစွဲဆိုခဲ့သည့်အပေါ် ကရင်နီလူငယ် မျိုးလှိုင်ဝင်းက “ဒီတစ်လျှောက်လုံးမှာ ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်မော်ဟာ တရားရုံးမှာ သူတို့နစ်နာပါတယ် သူတို့အတွက် ဂုဏ်သိက္ခာ ကျဆင်းပါတယ်ဆိုတဲ့ လာထွက်ဆို တာလည်း မရှိခဲ့သလို သတင်းမီဒီယာတွေမှာလည်း တရားဝင်ဖြေရှင်းခဲ့တာ မရှိတဲ့အတွက်ကြောင့် ဥပဒေလမ်း ကြောင်းအရ အရေးယူ အပြစ်ပေးလို့မရတဲ့ဟာကို ကျနော်တို့ ပြောဆိုခဲ့တယ်” ဟုပြောသည်။
နိုင်ငံသားများကို ကာကွယ်ပေးသည့် ဥပဒေဖြင့် ပြည်နယ်အစိုးရ အနေဖြင့် တရားစွဲဆိုခြင်းသည် ဥပဒေ ကြောင်းရ ကျိုးကြောင်းဆီလျော်မှု မရှိဟု လူငယ်များက ဆိုသည်။
နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ၏ မူလရည်ရွယ်ချက်မှာ နိုင်ငံသားများကို အကာအကွယ်ပေးသည့် ဥပဒေအ နေဖြင့် ဥပဒေပြု ထားခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် လက်ရှိ ဥပဒေ၏ အားနည်းချက်နှင့် ပတ်သက်၍ ရှေ့နေ စောခူးတလေ က ယခုကဲ့သို့ သုံးသပ်သည်။
“ဒီဥပဒေရဲ့ အားနည်းချက်တွေမှာ ပေါ်လာတာက ကျနော်တို့ ဒီပြည်သူလူထု ကျနော်တို့ နိုင်ငံသားတွေကို ကာကွယ်ပေးရာ မရောက်တော့ပဲနဲ့ ဒီအာဏာရှိတဲ့ အသိုင်းအဝိုင်းတစ်ခုကနေပြီးတော့မှ အသုံးပြုသွားတဲ့ ဥပဒေတစ်ခုဖြစ်သွားတာပေါ့ ဒါက ဥပဒေက အားနည်းချက်လို့ သုံးသပ်မိပါတယ် ယူဆမိပါတယ်။”
ကရင်နီ လူငယ် ၆ ဦးအနေဖြင့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ကျခံရ နိုင်သည့်အပြင် ငွေဒဏ်အားဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု သိရသည်။







