လှေစီးဒုက္ခသည်များအား စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် သဘောတူဟု ရခိုင်ဝန်ကြီးချုပ်ဆို

လှေစီးဒုက္ခသည်များအား စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် သဘောတူဟု ရခိုင်ဝန်ကြီးချုပ်ဆို
by -
မဇ္ဈိမ
 လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီမှု ရရှိထားသည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက မေ ၂၄ရက်တွင် မဇ္စျိမကို တယ်လီးဖုန်းမှတစ်ဆင့် ပြောသည်။

"သူတို့နိုင်ငံသား ဟုတ်မဟုတ်စိစစ်ပြီးတာနဲ့ တစ်ခါတည်း စွဲသိမ်းမယ့် သဘောပေါ့ အမြန်ဆုံး လွှဲပြောင်းပေးနိုင်အောင် လုပ်နေတယ်။ ဟိုဖက်ကလည်း လက်ခံမယ့် အနေအထားရှိတယ်။ စစ်ပြီးမှ လက်ခံမယ့် အနေအထားလို့ ပြောပါတယ်။" ဟု ၎င်းကဆိုသည်။

မေလ ၂၃ရက်တွင် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးတင်ဦးလွင်က ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံမှ ယာယီစခန်းဖြင့် ထားရှိထားသည့် စက်လှေ ၂ စီးပါ လူဦးရေ ၂၀၈ဦးတို့ နေရပ် ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၂၃ရက်တွင် ထုတ်ပြန်သည်။

"အောက်ခြေမှာလည်း နယ်ခြားစောင့်ရဲနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ဆွေးနွေးနေတယ်။ စစ်တွေမှာလည်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရှိတယ်။ သူတို့တွေက အမြန်ဆုံးသွားစစ်ပြီး လက်ခံဖို့ လုပ်နေတယ်လို့ အကြမ်းမျဉ်း သိရတယ်။ သူတို့နိုင်ငံသားမှန်ရင် လက်ခံမယ်ဆိုတဲ့ သဘောပေါ့" ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုသည်။

မြန်မာ့တပ်မတော်(ရေ) ပုံမှန်ကင်းလှည့်ရာတွင် လူ ၂ဝ၈ ဦးပါသည့် လှေနှင့် လူမပါသည့် စက်လှေတစ်စီးတို့ကို တွေ့ရှိခဲ့ရပြီး စက်လှေများကို အငူမော်တွင် ထားရှိကာ ပါဝင်သည့် လှေစီးဒုက္ခသည်များကို အလယ်သံကျော်ရွာတွင် ယာယီစခန်းဖွင့်လှစ်၍ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားလိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေး အပ်ထားသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံက စောင့်ရှောက်ထားသည့် လှေစီးဒုက္ခသည်များထံ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားက မေ ၂၃ ရက်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ဒုက္ခသည်များကို လူ့အခွင့်ရေးနှင့်အညီ စောင့်ရှောက်ပြီးမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ရခိုင်ပြည် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုသည်။

လှေစီးဘင်္ဂါလီဒုက္ခသည်များကိစ္စ ဖြေရှင်းနိုင်ရန် မေ ၂၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်မည့် အိန္ဒိယသမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့အား စေလွှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...