အမြန်ရေယာဉ်ပေါ်လိုက်ပါလာသည့် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင် (၅၀)ဦးခန့်ကို AA ဖမ်းဆီး

အမြန်ရေယာဉ်ပေါ်လိုက်ပါလာသည့် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင် (၅၀)ဦးခန့်ကို AA ဖမ်းဆီး

ရခိုင်ပြည်နယ်၊စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ကို ယနေ့ (အောက်တိုဘာ လ ၂၆ ရက်)၊နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဝင်စီးပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင် (၅၀)ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကိုအတည်ပြုပြောသည်။

အဆိုပါ ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ရေမျက်ကျေးရွာအနီးတွင် တားဆီးပြီး တပ်မတော်အရာရှိနှင့် တပ်ဖွဲ့ ဝင်များ၊ရဲအရာရှိနှင့်တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီး ရေယာဉ်ကိုပြန်လွှတ်လိုက်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောသည်။

“အရပ်သားဟန်ဆောင်ပြီးတော့ စီးနင်းလိုက်ပါလာတဲ့ ဗမာလက်နက်ကိုင်တစ်ချို့ကို ရသေ့တောင်ရဲ့ အထက် ဘက်မှာ လုံခြုံရေးအရ စစ်ဆေးဖို့အတွက်ထိန်းသိမ်းထားတာရှိတယ်။အဲဒီမှာ စစ်တပ်အရာရှိတွေ၊ ရဲ အရာရှိ တွေအပါအဝင် အခြားအဆင့် စစ်ဘက်၊ရဲဘက်ကလူတွေပါတယ်”ဟု ၎င်းကဆိုသည်။

တပ်မတော်သည် အရပ်သားများကို အကာအကွယ်ယူပြီး အရပ်ဝတ်များဖြင့် သွားလာရွှေ့ပြောင်းမှုလုပ်နေသော ကြောင့် ရေယာဉ်ကို လုံခြုံရေးအရစစ်ဆေးသောအခါ တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များကို တွေ့ရှိခြင်းဟု ခိုင်သုခ က ဆက်လက်ပြောသည်။

“သူတို့တပ်ပြောင်းလာတာလား။ဘယ်လိုကိစ္စနဲ့သွားတာလဲဆိုတာတော့ ကျနော်တို့စစ်ဆေးပြီးမှပဲ ပြောလို့ရမယ် ဗျာ ”ဟု ခိုင်သုခက ဆိုသည်။

အဆိုပါရေယာဉ်ပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အရပ်သား အနည်းဆုံး (၃၀)ကျော်ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ကျနော်ဆိုလိုချင်တာက ဒီရဲတပ်ဖွဲ့ဝင်တွေဆိုတာလည်း ရဲတပ်ဖွဲ့ဝင်၊ရဲတပ်ဖွဲ့ဝင်မိသားစုတွေဖြစ်တယ်။အဲဒီ ရဲတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင်မိသားစုတွေဟာ သူတို့မောင်တောမှာရှိတဲ့မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲဌာနချုပ်နဲ့ အလဲ အပြောင်းလုပ်ကြတယ်။အဲဒီမှာ တာဝန်ထမ်းဆောင်ဖို့သွားတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အမြန်ရေယာဉ်စီးနင်းခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနီးရှိ ရေမျက်ရွာ၊ကျောက်တန်း၊လိုင်ဂွင်စသည့်ကျေးရွာများ အနီးတွင် တပ်မတော်ဘက်ကရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေသည်ဟု ဒေသခံများကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့က ရဲတပ်ဖွဲ့ဝင်နဲ့ ခရီးသွားပြည်သူ တွေကိုဖမ်းသွားတာကို တပ်မတော်နဲ့ရဲတပ်ဖွဲ့က ပုတီးစိပ်ပြီး မေတ္တာပို့နေရမှာလား။ပုတီးစိပ်ပြီးတော့ မေတ္တာမပို့နိုင်ဘူး။ကျဲသင့်ရင်ကျရမှာပဲ။ချသင့်ရင်ချရမှာပဲ။ဒါက ကျနော်တို့ရဲ့ လုပ်ငန်း၊ကျနော်တို့ရဲ့ တာဝန်။ဒါနဲ့ပတ်သက်ပြီး လေယာဉ်မသုံးရဘူး။ရဟတ်ယာဉ်မသုံးရဘူး ဆိုတဲ့ ဥပဒေမရှိပါဘူး ”ဟု ပြောသည်။

စီးနင်းခံရသည့် ရေယာဉ်သည် ဘူးသီးတောင်မြို့သို့ ညနေ (၃)နာရီခွဲတွင် ရောက်ရှိကြောင်း ဒေသခံများထံက သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...