ဖမ်းဆီးခံရသူများကို သွားကယ်သည့်ပို့ဆောင်ရေး ရဟတ်ယာဉ်အား ရက္ခိုင့်တပ်တော်(AA)က စိစစ်ဆဲ လက် နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်အချို့ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်မှူး (၁)ဦး မစိုးရိမ်ရဒဏ်ရာ အနည်းငယ် ရရှိ သွားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၆ ရက်နေ့၊နံနက်ပိုင်းက စစ်တွေ-ဘူးသီးတောင် သို့ပြေးဆွဲသည့် ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ် ၊ရေမျက်ကျေးရွာအနီးတွင် AA ကလက်နက်ငယ်များဖြင့် ပစ်ခတ်၍ ကမ်းကပ်ခိုင်းခဲ့ပြီး ရေယာဉ်ပေါ်ရှိ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ခရီးသည်အချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် ဖမ်းဆီးခံရသူများကို အမြန်ဆုံးကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အား တပ်မတော်ပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် ဖြစ်စဉ်နှင့်အနီးဆုံးနေရာသို့ ပို့ဆောင်ပေးမှုများ အမြန်ဆုံးဆောင် ရွက်ပေးခဲ့သည်။ ပို့ဆောင်ရေးဆောင်ရွက်စဉ် ယင်းရဟတ်ယာဉ်အား AA က စိစစ်ဆဲလက်နက်များဖြင့် ပစ်ခတ် ခဲ့သဖြင့် ကျည်အချို့ထိမှန်ခဲ့ခြင်းဖြစ်ကာ ရဟတ်ယာဉ်မှူး (၁)ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု တပ်မတော် က ထုတ်ပြန်သည်။
၎င်းနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပို့ဆောင်နိုင်ရေး တိုက်ခိုက်ရေးရဟတ်ယာဉ် အထောက်အကူအဖြစ် လိုက်ပါစေသည့် အပြင် ဖမ်းဆီးခံရသူများအား ဖြစ်စဉ်နေရာတစ်ဝိုက် ရှာဖွေကယ်တင်ရန်ကိုလည်း ပူးတွဲတာဝန် ပေးအပ်ခဲ့သည်။
အဆိုပါ ပို့ဆောင်ရေးရဟတ်ယာဉ်များ၏ လုံခြုံရေးအထောက် အကူပြုသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို လည်း AA က အမျိုးအစား စိစစ်ဆဲ လက်နက်များဖြင့် နှောင့်ယှက်ပစ်ခတ် ခဲ့သောကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ အချို့နေရာ၌ ကျည်ဆန် ထိမှန်ခဲ့ရသည့်အတွက် ပစ်ခတ်နှောင့်ယှက်သည့် နေရာတစ်ဝိုက်အား သတိပေးပစ်ခတ်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် AA ကဖမ်းဆီးသွားသူများကို အမြန်ဆုံးပြန် လည်ရှာဖွေ ကယ်တင်နိုင်ရေးအတွက် ပို့ဆောင်ရေးရဟတ်ယာဉ်များ အသုံးပြု၍ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် လည်းကောင်း၊ မြေပြင်မှ နှောင့်ယှက် ပစ်ခတ်သည့် AAကို သတိပေး ပစ်ခတ်မှုကြောင့် လည်းကောင်း ယခုသတင်းရေးသားချိန်အထိ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများအနက် (၁၄ ) ဦးအား နေရာအသီးသီးမှ ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ကျန်ရှိနေသည့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ အား ဝေဟင်မှ ရဟတ်ယာဉ် များက လည်းကောင်း၊ မြေပြင်ရှိ တပ်မတော်စစ်ကြောင်းများက လည်းကောင်း ပေါင်းစပ်ညှိနှိုင်း၍ အမြန်ဆုံး ကယ်တင်လွတ်မြောက်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။
ရွှေနဒီအမြန်ရေယာဉ်ကို AA က ဟန့်တားခဲ့ပြီး တပ်မတော်သား (၁၄)ဦး၊ရဲတပ်ဖွဲ့ဝင်(၂၉)ဦး၊ အကျဉ်းဦးစီးဌာန မှ ဝန်ထမ်း (၂)ဦးနှင့်အရပ်သား (၁၃)ဦးတို့ကို ဖမ်းဆီးသွားသည်ဟု အစိုးရပိုင် သတင်းစာများ တွင်ရေးသား ထားသည်။
တပ်မတော်က ယင်းအနီးတစ်ဝိုက်ကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူအများအပြား သေဆုံးပြီး မိမိတို့ တပ်ဖွဲ့ဝင် တစ်ချို့လည်း ကျဆုံး၊ဒဏ်ရာရရှိသွားသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့(အောက်တိုဘာလ ၂၇ ရက်နေ့) တွင်ထုတ်ပြန်သည်။
ထို့အပြင် ဖမ်းဆီးထားသည့် အရပ်သားများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန်စီစဉ်နေကြောင်း ရခိုင့် တပ်တော်(AA)ဘက်ကပြောဆိုထားသည်။







