ဗိုလ်ချုပ်ယွက်ဆစ် ခရီးစဉ် ဟန့်တားခံရ၍ PPST နှင့် JICM အစည်းအဝေးများ ရွှေ့ဆိုင်းရမည်

ဗိုလ်ချုပ်ယွက်ဆစ် ခရီးစဉ် ဟန့်တားခံရ၍ PPST နှင့် JICM အစည်းအဝေးများ ရွှေ့ဆိုင်းရမည်

RCSS ဥက္ကဌ ဗိုလ်ချုပ်ယွက်ဆစ် ခရီးစဉ် အဆင်မပြေသည့်အတွက် အစိုးရ၊ တပ်မတော်တို့နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြုလုပ်မည့် JICM နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား အဖွဲ့များ၏ PPST အစည်းအဝေးတို့ကို ယာယီရပ်ဆိုင်းထားသည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ တက် ရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်အတွင်း တပ်မတော်၏ ဟန့်တားမှုကြောင့် သွားရောက်ရန် မဖြစ် နိုင်တော့သည် အကြောင်း ထိုင်းနယ်စပ် တစ်နေရာတွင် RCSS/SSA က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

သတင်းစာရှင်း လင်းပွဲတွင် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဘာသာပြန်မှ တစ်ဆင့် ပြောဆိုခဲ့သည်။

“ဒီ ၄ နှစ်ပြည့် အခမ်းအနား ပြီးလို့ရှိရင် ဆက်လက် ကျင်းပမယ့် JICM အစည်းအဝေးတို့ PPST အစည်းအဝေး တို့ကလည်း အားလုံးဖျက်သိမ်းပြီးသား ဖြစ်ပါတယ်။ အခုလည်း ယာယီဖျက်သိမ်းထားတာပေါ့နော” ဟု ဘာသာပြန်ကတဆင့် ရှင်းပြသည်။

“ဥက္ကဋ္ဌကြီးက ဒီယာယီ အဖွဲ့ခေါင်းဆောင်အ နေနဲ့ ဒီ PPST မှာ တာဝန်ယူထားတယ်။ ဥက္ကဋ္ဌကြီး မသွားဘူးဆိုတော့လည်း ဒီ PPST အစည်းအဝေးတွေက လည်း မဖြစ်နိုင်သေးဘူး။ လောလောဆယ် တော့ ဒီ JICM အစည်းအဝေးကတော့ မဖြစ်ဘူးပေါ့နော ဘာကြောင့် လဲဆိုတော့ PPST ခေါင်းဆောင် မပါဝင် ဘူးဆိုရင် ဒီ JICM ကလည်း အထမမြောက်နိုင်ဘူးပေါ့” ဟု ဆက်ပြောသည်။

NCA ၄ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ခရီးစဉ် ပျက်သွားရခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယခုလိုသုံးသပ်သည်။

“အခုကျင်းပမယ့် JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကနေ ကျနော်တို့ကို သွားခွင့်မပေးတာ ကျနော်တို့ကို ဟန့်တားတာဆိုတာကတော့ သူတို့က ဒီ အစည်းအဝေးကို မဖြစ်စေချင်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ တပ်မတော်အနေနဲ့ NCA သဘောတူညီချက်စာ ချုပ်ကို ဖျက်သိမ်းလိုတဲ့ သူရဲ့ လက္ခဏာ တစ်ခုပြနေတယ်လို့တော့ ကျနော်တို့ မြင်ရတယ်”

RCSS/SSA အနေဖြင့် ၎င်းတို့၏ ခရီးစဉ်ကို ဌာနချုပ် လွိုင်တိုင်းလျန်းမှ လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်မှတစ်ဆင့် လင်းခေး-နမ့်စန်- တောင်ကြီး-နေပြည်တော် စသည့် လမ်းကြောင်းဖြင့် သွားရောက်ရန် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကြိုတင် ညှိနှိုင်း သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။

သို့သော် အဆိုပါ လမ်းမှ သွားမည့် ခရီးစဉ်ကို လုံခြုံရေးအရဟုဆိုကာ တပ်မတော်မှ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က ဟန့်တားခဲ့ပြီး တာချီလိတ်မှတစ်ဆင့် လေယာဉ် ဖြင့် နေပြည်တော်သို့ သွားရောက်ရန် ပြောဆိုလာသည် ဟု RCSS/SSA က ပြောသည်။

“အမှန်ဆို NRPC PC နှင့် တစ်ဖက်က တပ်မတော်တို့ အပြန်အလှန်ညှိနှိုင်းမှု မရှိဘူးလို့ မြင်ရပါတယ်။ ကျနော်တို့ ရဲ့ ခရီးစဉ်ကိုလည်း ကျနော်တို့ကြိုတင် အကြောင်းကြားတယ် ပြီးတော့ ကျနော်တို့ ကြိုတင်လည်း ညှိနှိုင်းထား တယ်။ ဒါပေမယ့် သူတို့ကြားထဲမှာ အပြန်အလှန်ညှိနှိုင်းမှု မရှိတဲ့အတွက် ကြောင့်မို့လို့ ဒီလိုမျိုး အခက်အခဲများ ကြုံရတာဖြစ်ပါတယ်။”

ထို့ကြောင့် နေပြည်တော်တွင် ပြုလုပ်ကြမည့် အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေး ကိုလည်း ဖျက်သိမ်းရမည့် သဘောဖြစ်သည်ဟု RCSS/SSA က ဆက်ပြောသည်။

ယခုကဲ့သို့ ဟန့်တားနေခြင်းသည် တပ်မတော်အနေဖြင့် NCA စာချုပ်ကို ချိုးဖောက်ရုံသာမက ဖျက်သိမ်းလို သည့် လက္ခဏာပြနေသည်ဟု RCSS/SSA က စွပ်စွဲပြောဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS/SSA မှ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ဌာနချုပ် လွိုင်တိုင်း လျန်း မှ ဟိုမိန်း-တောင်ကြီး လမ်းမှ နေပြည်တော်တွင် ကျင်းပမည့် NCA လေးနှစ်ပြည့် အခမ်းအနားသို့ သွား ရန် စီစဉ်ထားခြင်းဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အောက်တိုဘာ လ ၁၀ရက်နေ့ကတည်းက အကြောင်းကြားထားပြီး ဖြစ်သည်ဟု ပြောသည်။

အောက်တိုဘာလ (၂၈) ရက်နေ့ မနက်ဖြန်တွင် ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမှာဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် အပစ်ရပ် တိုင်းရင်သားလက်နက်ကိုင် (၁၀) မှ ခေါင်းဆောင် အများစုမှာ နေပြည်တော်သို့ ရောက်ရှိနေပြီဟု သိရသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...