၂၁ ပင်လုံ ညီလာခံနှင့်ပတ်သက်ပြီး သက်လူမျိုးများအား ရှင်းလင်းပွဲပြုလုပ်

၂၁ ပင်လုံ ညီလာခံနှင့်ပတ်သက်ပြီး သက်လူမျိုးများအား ရှင်းလင်းပွဲပြုလုပ်
by -
နိရဥ္စရာ
သက်လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် မောင်တောအခြေစိုက် အာရုဏ်ဦးအဖွဲ့မှ ဦးဆောင်၍ ၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်ပြီး သက်လူမျိုးများအား ရှင်းလင်းပွဲတစ်ရပ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါရှင်းလင်းပွဲကို မောင်တောမြို့ ၄ မိုင်ရပ်ကွက်ရှိ မန်းကျည်းကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တာတွေကို ရှင်းလင်းရင်းနဲ့ လွှတ်တော်နဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းခဲ့ပါတယ်။ ယခုလက်ရှိအစိုးရရဲ့ ဖော်ဆောင်နေတဲ့ လမ်းကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်”ဟု မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောသည်။

ယင်းရှင်းလင်းပွဲတွင် သက်လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စာပေနှင့် ယဉ်ကျေးမှု ဖေါ်ထုတ်ရေး ကဏ္ဍ၊ လူဦးရေ ၅၀၀၀ ကျော်သာ ကျန်ရှိတော့ပြီဖြစ်သည့် သက်လူမျိုးများ ပျောက်ကွယ်မသွားရန် မည်ကဲ့သို့ ရှေ့ဆက်ဆောင်ရွက်ကြမည်ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ ကိုဇော်ဝင်းက ပြောသည်။

တက်ရောက်လာသည့် မြို့နယ်ကိုယ်စားပြုနှင့် ကျေးရွာကိုယ်စားပြု ကိုယ်စားလှယ်များကလည်း သူတို့ လက်ရှိခံစားနေရသည့် အခက်အခဲများကိုလည်း တင်ပြခဲ့ကြသည်ဟု ဆိုသည်။

ယင်းရှင်းလင်းပွဲတွင် အနာဂတ် ပင်လုံညီလာခံ၌ သက်လူမျိုးများ၏ အခန်းကဏ္ဍများကို ပါ၀င်ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်ရှိ အခြား အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်နိုင်ရန် သက်လူငယ်ကွန်ယက်တစ်ခုဖွဲ့စည်းနိုင်ရန် ကျေးရွာတစ်ရွာမှ ရပ်မိရပ်ဖ ၂ ဦး၊ လူငယ် ၄ ဦးကျစီ ကိုယ်စားလှယ်ရွေးချယ်၍ ၂၀၁၇ ဧပြီလ သင်္ကြန်အလွန်တွင် သက်လူငယ် ညီလာခံတစ်ခု ကျင်းပပေးရန် စီစဉ်ထားသည်ဟု သိရသည်။

ယင်းရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကိုယ်စားလှယ် ၄ ဦး၊ စစ်တွေမြို့နယ်မှ ကိုယ်စားလှယ် ၂ ဦး၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ် ၄ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ကိုယ်စားလှယ် ၄ ဦးနှင့် မောင်တောမြို့နယ်ရှိ သက်ကျေးရွာများမှလည်း ကျေးရွာတစ်ရွာမှ ကိုယ်စားလှယ် ၅ ဦးကျစီ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...