ပလက်ဝဒေသတွင် တပ်ရိက္ခာသယ်ရန် အခကြေးငွေပေးပြီး စေခိုင်းမှုများရှိနေ

ပလက်ဝဒေသတွင် တပ်ရိက္ခာသယ်ရန် အခကြေးငွေပေးပြီး စေခိုင်းမှုများရှိနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မီးဇာကျေးရွာမှ ဒေသခံများနှင့် ကျေးရွာအတွင်း တိုက်ပွဲရှောင်နေသူ တချို့ကို တပ်မတော်မှ အခကြေးငွေပေး၍ တပ်ရိက္ခာသယ်ပေးရန် စေခိုင်းမှုများ ရှိကြောင်း ချင်းအရပ်ဖက်အဖွဲ့များနှင့် ဒေသခံများက မဇ္စျိမသို့ ပြောသည်။

အဆိုပါ တပ်ရိက္ခာသယ်ပေးရန် တပ်မတော်က စေခိုင်းမှုကို ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ ၁၉ ရက်မှ ယနေ့ တိုင်အထိ ဖြစ်ပြီး တစ်ဦးလျှင် တစ်ရက် ၄၀၀၀ ကျပ်နှုန်းဖြင့် သယ်ယူပေးရကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO)မှ သတင်းအချက် အလက်ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရက မဇ္စျိမသို့ ပြောသည်။

 “သူတို့ ရိက္ခာက အဓိကဆန်ပဲ၊ တစ်အိတ်ကို လူနှစ်ယောက် အဲ့လိုမျိုး သယ်ခိုင်းတာပေါ့နော်။ အတင်း အဓမ္မ ဖမ်းတာမျိုးတော့ မဟုတ်ပေမယ့်လည်း သူတို့ခေါ်တယ်ဆိုတော့ ငြင်းလို့မရတဲ့ ပုံစံမျိုးတော့ ဖြစ်တယ်လို့ ပြော တယ်။ ငြင်းလို့မရတဲ့ ပုံစံမျိုးနဲ့ သူတို့ပြောတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါရိက္ခာများကို မီးဇာကျေးရွာမှ တစ်ရက်ကြာသွားရသော ခမောက်ဝကျေးရွာအနီးရှိ တပ်မတော် တပ်မ(၇၇) လက်အောက်ခံ ဗျူဟာမှူး တပ်စွဲထားသည့်နေရာသို့ သယ်ဆောင်ပေးရခြင်းဖြစ်သည်ဟု ဆလိုင်းတေရက ဆိုသည်။

 “ အကန့်အသတ်တော့ မရှိဘူး။ အလှည့်ကျဆိုလည်း ပြောလို့ရတယ်။ တစ်ရက်မှာဆိုရင် လူပေါင်းက တစ်ခါ တလေ၂၀ ရှိတယ်၊ ၃၀ ရှိတယ်။ အုပ်စုလိုက်ပေါ့ လုပ်ပေးရတယ် ” ဟု မီးဇာကျေးရွာမှ ဒေသခံတစ်ဦးက  မဇ္စျိမသို့ ပြောသည်။

တပ်မတော်မှ တပ်ရိက္ခာများကို သယ်ဆောင်ပေးရန် စေခိုင်းလာသည့်အခါ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက် ပေးရခြင်းဖြစ်ပြီး အများစုမှာ မီးဇာကျေးရွာသို့ တိုက်ပွဲရှောင်၍ လာရောက်နေထိုင်ကြသော တိုက်ပွဲရှောင် ရွာသားများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တပ်မတော်မှ အခကြေးငွေပေး၍ တပ်ရိက္ခာများ သယ်ခိုင်းသည့်တိုင် တချို့မှာရက္ခိုတပ်(AA)မှ အန္တရာယ် ပြုမည်ကို စိုးရိမ်သည့်အတွက် ကြောက်ရွံ့မှုများ ဖြစ်နေကြောင်း တချို့ကလည်းလိုက်ပါ သယ်ဆောင် ပေးသင့်သည်ဟု ယူဆသူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဓမ္မခိုင်းစေမှုများ မပြုလုပ်ရန် ၁၉၉၁ ခုနှစ်ကတည်းက အောက်ခြေတပ်ဖွဲ့ဝင်များအထိ ညွန်ကြားထားကြောင်း၊ အရပ်သားများ၏ ဆန္ဒက အရေးကြီးပြီး လက်တွေ့မြေပြင်တွင် မိမိအခွင့်အရေးအရ မလုပ်ဆောင်လိုပါက (လုံးဝ) ငြင်းပိုင်ခွင့် ရှိကြောင်း မဇ္စျိမသို့ ပြောသည်။

“ အခကြေးငွေနဲ့ ခိုင်းတယ်ဆိုတာလည်း စစ်ဆင်ရေးတို့ ဘာတို့မှာလိုအပ်ရင် သဘောတူညီမှုနဲ့ ဆိုရင်တော့ အခကြေးငွေပေးပြီး နေ့စားဝန်ထမ်းသဘောမျိုးနဲ့ ခိုင်းစေတာကတော့ လုပ်လို့ရတဲ့ အနေအထားမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

မီးဇာကျေးရွာသည် ပလက်ဝမြို့မှ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် (၅) နာရီခန့် သွားရသော နေရာတွင်တည်ရှိပြီး ချင်းတိုင်းရင်းသားများ နေထိုင်သော ကျေးရွာတရွာဖြစ်ကြောင်း အဆိုပါကျေးရွာတွင် ကင်းတလင်းနှင့် ပြိုင်စိုကျေးရွာမှ တိုက်ပွဲရှောင်များ အပါအဝင် ဒေသခံ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

မီးဇာကျေးရွာတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်များမှာ တပ်မတော်နှင့် AA တို့ ချင်းပြည်နယ်၊ ပလက်ဝ မြို့ အတွင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့သော တိုက်ပွဲများကြောင့် ရောက်ရှိလာသူများ ဖြစ်သည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲရှောင် ၃၅၀၀ ဝန်းကျင်ရှိကြောင်း ချင်းအရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...