မင်းပြားမြို့နယ်တွင် အရပ်သား (၄၀)ကျော်ကို တပ်မတော်က ခေါ်ဆောင်သွားဟု ဒေသခံများဆို

မင်းပြားမြို့နယ်တွင် အရပ်သား (၄၀)ကျော်ကို တပ်မတော်က ခေါ်ဆောင်သွားဟု ဒေသခံများဆို

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာကို ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့)၊နံနက် ၈ နာရီကျော်တွင် တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား (၄၀)ကျော်နှင့် ရွှေ၊ငွေ အချို့ကို ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ယင်းရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သောကြောင့် ရွာထဲကို ဝင်ရောက် စစ်ဆေးခဲ့ကာ ရွာသားများကို ခေါ်ယူသွားကြောင်းနှင့် ရွှေ၊ငွေတချို့ကို ယူဆောင်သွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ ကျွန်တော်တို့ရွာအရှေ့ဖက် ၁ ဖာလုံအကွာမှာ မိုင်းတစ်လုံးပေါက်တယ်။ မိုင်းပေါက်တာနဲ့ ကျွန်တော်တို့ အရှေ့ဖက်ကနေ သူတို့အပေါ်ပစ်ပြီး ဝင်လာတယ်။ ရွာအလယ်မှာ လူတွေစုတယ်။ ပြီးတော့ AA ကို မင်းတို့ သိလား။ မင်းတို့ AA မလားဆိုပြီးမေးတယ်။ ရွှေတွေ၊ ငွေတွေ၊ ဖုန်းတွေယူသွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါလူများကို ရာမောင်းတံတားအနီးအထိ လမ်းပြရန်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ပြန်လွှတ်ပေးမည်ဟုလည်း တပ်မတော်က ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံက ဆိုသည်။

“ သူတို့ပြောတာကတော့ အဲဒီလူတွေကို လမ်းပြဖို့ခေါ်တာလို့ပြောတယ်။ သူတို့ကိုရိုက်တာတွေ၊ပုတ်တာတွေ မရှိဘူး” ဟု ၎င်းကပြောသည်။

ယင်းရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရွာထဲသို့ဝင်ရောက်သွားသောကြောင့် စစ်ဆေးခြင်းဖြစ်သော်လည်း ရွာသားများကို ခေါ်ဆောင်သွားခြင်း မရှိကြောင်းနှင့် ရွှေ၊ငွေများကိုလည်း ယူဆောင်သွားခြင်း မရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“အဲဒီ လက်ခုပ်ရွာနားမှာ AA က တပ်မတော်စစ်ကြောင်းကို မိုင်းဘာကြောင့်ဆွဲတာလဲ။ ရီမုတ်မိုင်း ဘာကြောင့် ခွဲတာလဲ။ ခွဲပြီးတော့မှ ဝင်ထဲကိုဝင်ပြေးသွားတယ်။ ဘာလို့ရွာထဲကို ဝင်ပြေးသွားတာလဲ။ အဲဒါကြောင့် ရွာထဲကို လိုအပ်တဲ့စစ်ဆေးမှု လုပ်တာရှိတယ်။ ဒါပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်ဘက်က ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံများထံက သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...