ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတစ်ခုအား အစိုးရတပ်မတော်မှ အောက်တိုဘာလ တတိယအပတ်အတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က အတည်ပြုပြောသည်။
KIA ဌာနချုပ်လိုင်ဇာနှင့် ဌာနချုပ်ဟောင်း လိုင်စင်ကြားရှိ KIA ရှေ့တန်းတပ်စခန်းကုန်း တစ်ခုဖြစ်သည့် အမှတ် ၂၅၄ တပ်ရင်း တပ်စခန်းကုန်းကို အစိုးရတပ်မတော်က ယခုလ ၁၉ ရက်နေ့တွင် လှမ်းပစ်ခဲ့ခြင်းဖြစ်သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကျနော်တို့ KIA ရဲ့ လှုပ်ရှားတပ်ပေါ့၊ ၂၅၄ တပ်ရင်းပေါ့၊ သူ့ရဲ့ တည်နေရာကို ပြောမယ်ဆိုရင် ဒီဖလပ်တောင်နဲ့ ဆမားကုန်းကြားမှာ တပ်တည်ထားတာဖြစ်ပါတယ်။ ဆမားမှာ တပ်ထိုင်နေတဲ့ တပ်မတော်ကပေါ့၊ ၁၉ ရက်နေ့ ညနေပိုင်းဖြစ်မှာပေါ့။ ညနေ ၃ နာရီ၊ ၄ နာရီ ကြားလောက်ဖြစ်မယ်။ ကချင်ပြည်နယ်ထဲ ဆမားပေါ့၊ အဲ့ကနေ ဗမာစစ်တပ်တွေက ပစ်တယ်တဲ့။”
အစိုးရတပ်မတော်က ရှေ့တန်းသုံး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“လက်နက်ငယ်ပေါ့၊ ရှေ့တန်းသုံး လက်နက်တွေပေါ့၊ ငါးကြင်းမီးတို့၊ စက်လက်တို့နဲ့ ပစ်တယ်လို့ သတင်းက အဲ့လိုကြားတယ်။ အချက်ပေါင်း ၁၀ ကျော်လောက်ဖြစ်မယ်ထင်တယ်။ ကျည်တောင့်နဲ့ဆိုရင်တော့ အတောင့် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတော့ မဟုတ်ဘူး။ ရှေ့တန်းသုံး လက်နက်တွေနဲ့ ပစ်တာပါ။ ဒါပေမယ့် ဘာကြောင့်ပစ်တယ်ဆိုတဲ့ ဖြစ်စဉ်တွေကတော့ ဘာမှမကြားရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
အဆိုပါပစ်ခတ်မှုအတွင်း ထိခိုက်မှု တစ်စုံတစ်ရာမရှိသလို KIO/KIA ဘက်မှလည်း ပြန်လည်တုန့်ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပြောသည်။
အောက်တိုဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသလို တပ်မတော်ကာကွယ်ရေးဦးစီးဌာနမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။
၉ လ နီးပါးအကြား ရပ်တန့်နေသည့် ကချင်ပြည်နယ်အတွင်း အောက်တိုဘာလ တတိယအပတ်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲတစ်ကြိမ်နှင့် တပ်မတော်မှ ပစ်ခတ်မှု တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဒီလ ၁၄ ရက်နေ့မှာ ဒီ KIA တပ်ရင်း ၅ နယ်မြေဘက်မှာ ဆင်ဘိုဘက်မှာ အဲ့ဘက်မှာ တပ်မတော်ကနေ ကျနော်တို့ ရှေ့တန်းစခန်းမှာ စခန်းဟောင်းတွေပေါ့၊ ကာကင်းလို့ပြောရမှာပေါ့၊ အဲ့ဒီနေရာမှာ ချောင်းမြောင်းပစ်တာ တစ်ခုရှိတယ်။ အခု ဒီ အခုနက ပြောတဲ့ ဒီလ ၁၉ ရက်နေ့မှာပေါ့ ဆမားဘက်မှာ ပစ်ခတ်တာတွေရှိတယ်။ ပစ်ခတ်တာကတော့ သူတို့ဘက်ကနေ ပစ်ခတ်တာပေါ့၊ ကျနော်တို့ဘက်က တုန့်ပြန်ပစ်တာတော့ ဘာမှမရှိဘူးပေါ့။ အဲ့ဒါနှစ်ချက်တော့ရှိပါတယ်။ ဒီလအတောအတွင်းမှာ။”
မိုးညှင်းမြို့နယ်အတွင်းရှိ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၅) နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် KIA ဘက်မှ အကျအဆုံးရှိခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိခဲ့သည်ဟု KIO/KIA က ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူ က “သူတို့ရဲ့ သတင်းပေးပို့ချက်အရဆိုရင်တော့ ကျနော်တို့ဘက်က တစ်ယောက်ကျတယ်။ နှစ်ယောက်က ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းပို့လာတာ ရှိပါတယ်။ နောက်ပြီးတော့ အဲ့ဘက်မှာက ကျနော်တို့လည်း ဘာမှ စစ်အင်အားနဲ့ရှိတာတော့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေမှာ သွားလာလှုပ်ရှားရင်းနဲ့ တပ်မတော်ဘက်က သတင်းကြားတာနေမှာပေါ့၊ တပ်မတော်က ပြည်သူလူထုတွေကို လမ်းပြခိုင်းပြီးမှ လာဝိုင်းပြီးမှ ချောင်းမြောင်းပစ်တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
KIA ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ သတင်းအချက်အလက်ထပ်မံမရှိသေးကြောင်းလည်း ပြောသည်။
အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင် ၅ ဦးခန့်မှာ မိုးညှင်းမြို့နယ်ဘက်ရှိ တပ်မတော်စစ်ကြောင်းကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများအား ဖြေကြားထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် စစ်တိုင်း (၅) တိုင်းကို တပ်မတော်က အပစ်ရပ်ကြေညာခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်ခဲ့ရာမှ ယခုလ (အောက်တိုဘာလ ၁၄ ) ရက်နေ့က တိုက်ပွဲပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
အလားတူ အစိုးရနှင့် ပဏာမအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တွေ့ဆုံဆွေးနွေးနေကြသည့် မြောက်ပိုင်းမဟာမိတ်များ ရှိနေသည့် ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်နယ်အတွင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။







