"သူတို့ စစ်မရပ်ဘဲနဲ့တော့ ကျွန်တော်တို့ NCA ကို လက်မှတ်ထိုးဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ အခု ကိုးကန့်၊ ပလောင်၊ ရခိုင်တို့နဲ့ စစ်ရေး ပဋိပက္ခတွေ အရှိန်မြှင့်နေတဲ့ အချိန်မှာ အပစ်ရပ်ဖို့ မလိုပါဘူး။ သူတို့ စစ်မရပ်ဘဲနဲ့တော့ ကျွန်တော်တို့ NCA ကို လက်မှတ်ထိုးဖို့ ဆိုတာမဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။
မေလ ၂၂ ရက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)မှ နိုင်ဟံသာ၊ စောကွယ်ထူးဝင်း၊ ဆလိုင်းလျန်းမှုန်းဆာခေါင်နှင့် UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC) အဖွဲ့ဝင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒု- ဥက္ကဋ္ဌ ခူဦးရယ်တို့ကို အမေရိကန် နိုင်ငံခြားရေး ဒု-ဝန်ကြီးက ဖိတ်ခေါ်ကာ လက်ရှိငြိမ်းချမ်းရေး အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် အခက်အခဲ၊ စိန်ခေါ်မှုများကို မေးမြန်းဆွေးနွေးခဲ့သည်ဟု ခူဦးရယ်က ပြောသည်။
တိုက်ပွဲများ မရပ်တန့်ပဲ NCA လက်မှတ်ထိုးရန် အခက်အခဲရှိခြင်းသည် UNFC ၏ ရပ်တည်ချက်၊ ပန်းဆန်းညီလာခံ ဆွေးနွေးပွဲမှာ တက်ရောက်သူတွေ အားလုံး၏ သဘောထားများအရဖြစ်ပြီး NCCT ရပ်တည်ချက်သည်လည်း UNFC ရပ်တည်ချက်နှင့် ကွဲလွဲမှု မရှိသည့်အပြင် တိုက်ပွဲများနှင့် တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပါမှသာ NCA လက်မှတ် ရေးထိုးရေးကို တိုင်းရင်းသားအဖွဲ့တို့က လွယ်ကူစွာ စဉ်းစားနိုင်မည်ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ (UPWC) ဒု ဥက္ကဋ္ဌ ဦးအောင်မင်းကမူ တိုက်ပွဲများဖြစ်ပေါ်နေသည့် ကိုးကန့်၊ တအောင်း(ခ) ပလောင်နှင့် ရခိုင်အဖွဲ့များသည် စစ်ပွဲများကို ရပ်ပါက ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်ဟု မေလ ၉ ရက်က မဇ္စျိမကို ပြောထားသည်။
"ပထမဦးဆုံးဖြစ်နေတဲ့နေရာမှာ ပဋိပက္ခတွေ ငြိမ်းချမ်းအောင် စလုပ်ရမယ်။ ငြိမ်းချမ်းအောင် စလုပ်ဖို့ဆိုတာ ကိုးကန့်တိုက်ပွဲကို ဘယ်သူက စတာလဲ။ သူတို့စတယ်ဆိုရင် သူတို့ငြိမ်းချမ်းအောင်စလုပ်၊ စလုပ်ပြီး ငြိမ်းချမ်းသွားလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လုပ်လို့ရပြီ" ဟု ဦးအောင်မင်းက ဆိုသည်။
လက်ရှိအချိန်တွင်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတို့က တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပေါ်နေပြီး ကိုးကန့်ဒေသများကိုလည်း တပ်မတော်က ထိုးစစ်ဆင်တိုက်ပွဲဝင်နေကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က နေ့စဉ် ထုတ်ပြန်နေသည်။
အပစ်ခတ်ရပ်စဲရေး လက်မှတ်ကိုလည်း အမေရိကန်၊ ဗြိတိန်၊ ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံကဲ့သို့ နိုင်ငံတကာ အစိုးရ ခေါင်းဆောင်၊ ကိုယ်စားလှယ်များ ရှေ့တွင် လက်မှတ်ရေးထိုးရန် အတွက်လည်း တိုင်းရင်းသားတို့က အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် ဆွေးနွေးခဲ့သေးသည်။
ပြည်ပနိုင်ငံအချို့ကို သက်သေထူ လက်မှတ်ရေးထိုးရန် တိုင်းရင်းသားအဖွဲ့များက ဆွေးနွေးခဲ့သော်လည်း ယင်းမတိုင်မီကပင် အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်တွင်းရေးပြဿနာ ဖြစ်သည့်အတွက် နိုင်ငံတကာ၏ ပါ၀င်ပတ်သက်မှုက မလိုအပ်ကြောင်းနှင့် နိုင်ငံတကာပါ၀င်ပတ်သက်ပါက ပိုရှုပ်ထွေးနိုင်သည်ဟု ရပ်တည်ချက်ခဲ့ကြောင်း ခူဦးရယ်က ဆိုသည်။
မတ်လ ၃၁ ရက်တွင် ပဏာမ သဘောတူ လက်မှတ်ရေးထိုးထားသည့် NCA မူကြမ်းကို တိုင်းရင်းသား အဖွဲ့အစည်း ၂၂ ခုဖြင့် ဇွန်လ ၂ ရက်မှ ၆ ရက်ထိ တတိယအကြိမ်ညီလာခံ ပြုလုပ်ကာ ဆွေးနွေးရန် NCCT အဖွဲ့က ပြင်ဆင်ထားကြသည်။







